မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မတ်လ ၈ ရက်က အိုးဘိုထောင်တွင်း တရားရုံးမှာ အဂတိအမှု ၅ ခုအတွက် စွဲချက်တင်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လာမယ့် မတ်လ ၁၁ ရက်နေ့ ရုံးချိန်းကျရင် ပြန်ခေါ်သက်သေတွေကို စတင်စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးစိန်တင်က တရားလိုအဖြစ် စစ်ကောင်စီကိုယ်စား တရားစွဲဆိုထားတာပါ။
ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူးရယူထားချိန်မှာ လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲချက်တွေတင်ထားတာပါ။ ဒေါက်တာဇော်မြင့်မောင်ကတော့ ဘယ်သူ့ဆီကမှ ဘာမှမယူခဲ့သလို အပြစ်မရှိဘူးလို့လည်း ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။
“စစ်ဆေးတဲ့အခါ တရားသူကြီးက ဖတ်ပြတယ်။ လိုရင်းပဲပြောပါလို့ ပြောတယ်။ အဲဒီအခါ ဒေါက်တာဇော်မြင့်မောင်က ကျနော် ဘယ်သူ့ဆီကမှ ဘာမှ မယူပါဘူးလို့ ပြောတယ်။ အပြစ်ရှိလား မရှိဘူးလားဆိုတော့ မရှိဘူးလို့ ရှင်းရှင်းလေးပဲ ပြောတယ်။ သောကြာနေ့မှာ ပြန်ခေါ်သက်သေ တွေထဲက တစ်ယောက်ကို စပြီးတော့ စစ်ဆေးမယ်”လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှု ၉ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲဒီထဲက သဘာ၀ဘေးပုဒ်မအမှု ၂ ခုအတွက် ၂၀၂၁ ဒီဇင်ဘာ ၈ ရက်နေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပါတယ်။
အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေကိုတော့ သောကြာနေ့တိုင်း ပုံမှန်စစ်ဆေးခဲ့ပြီး နောက်ထပ်ရက်သတ္တပတ်တွေမှာတော့ အင်္ဂါနေ့တွေမှာပါ ထပ်တိုးစစ်ဆေးသွားဖို့ ရှိနေပါတယ်။