ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှာ မတ် ၈ ရက်နေ့ ညက ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတဦး အပြင်းအထန် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူတဦး သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညက ဗုံးပေါက်သံအကျယ်ကြီး ကြားလိုက်ရတယ်၊ ပစ်သံခတ်သံတွေရော ကြားတယ်။ မနက်မှသိရတာက ရဲတဦး ဒဏ်ရာရလို့ ညတွင်းချင်း အရေးပေါ် ဆေးရုံပို့ရတယ်လို့ ကြားတယ်။ ရဲနဲ့စစ်တပ်က ရမ်းပစ်လို့ ဖောင်တော်ဦးရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်က လူတယောက်လည်း သေနတ်မှန်လို့ ဆုံးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မတ် ၈ ရက် ည ၉ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲသံ ၃ ကြိမ်လောက် ကျယ်လောင်စွာ ကြားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီလို ခေတ်ကာလကြီးလည်း မြန်မြန်ပြီးစေချင်လှပြီ။ အခု အကုန်ကြောက်လန့်နေရတာ။ ကိုယ့်မြို့ကလူတွေလည်း တယောက်ပြီးတယောက် အပြစ်မရှိဘဲ အဖမ်းခံနေရတယ်။ အရင်ကလို အေးအေးချမ်းချမ်းနေရရင် ကောင်းမှာ” လို့ ဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရေစကြိုမြို့မှာ စစ်ကောင်စီက PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို ချိပ်ပိတ်တာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။