မြန်မာ-တရုတ်နယ်စပ်၊ ကချင်ပြည်နယ်၊ ကံပိုင်တည်နဲ့ ထိစပ်နေတဲ့ ဟိုချောင်ဝ် နယ်စပ်ကုန်သွယ်ရာနေရာမှာ တရုတ်ငှက်ပျော လုပ်ငန်းရှင်တွေ ဂိတ်ပိတ်ထားလို့ ဆုံးရှံးမှု များနေတာကြောင့် မတ် ၇ ရက်နေ့ ဒီနေ့ ဆန္ဒပြနေကြတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေ က ပြောပါတယ်။
“ကံပိုင်တည်၊ တရုတ်ဘက်ခြမ်း ဟိုချောင်ဝ်ဆိုတဲ့ဆိပ်ကမ်းမှာ တရုတ် ငှက်ပျောလုပ်ငန်းရှင်တွေ ဒီနေ့ ဆန္ဒပြကြတာ။ မြန်မာဘက်ခြမ်း ကံပိုင်တည်ဘက် ငှက်ပျောကားတွေ အစီး ၈၀၀ ပေါ့။ ပစ္စည်းတွေ အကုန်လုံး ပုပ်ကုန်ပြီ။ ၁ ရက်ကို တရုတ်ငွေ သိန်း ၂၀၀၀ လောက် ဆုံးရှုံးနေရပါတယ်။ ရောဂါကာကွယ်ရေးအဖွဲ့အနေနဲ့ ဗဟိုက အမိန့်မရဘဲနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆိပ်ကမ်းကို ပိတ်ပစ်လိုက်တယ်လို့ အော်နေကြတာ” လို့ မြန်မာကုန်သည်တဦးက ပြောပါတယ်။
ကိုဗစ် အကြောင်းပြချက်နဲ့ မတ်လ လဆန်းပိုင်းက နယ်စပ်ဂိတ်ကို ရုတ်တရက် တရုတ်ဘက်က ယာယီပိတ်လိုက်ပြီး ပြန်မဖွင့်သေးတာကြောင့် ကုန်သည်လုပ်ငန်းရှင်တွေ ဆုံးရှုံးနေရတဲ့အပြင် ကားတွေ ရာချီ ပိတ်မိနေတာကြောင့် ယာဉ်ပိုင်ရှင်၊ ကားသမားတွေလည်း ခက်ခဲဒုက္ခ ရောက်နေကြရတယ်လို့ ငှက်ပျောကုန်တင်ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။
"တရုတ်ပြည်ထဲ ဝင်ဖို့ ကားတွေလေ။ ကံပိုင်တည် နယ်စပ်ဂိတ်ပေါက်က မဖွင့်သေးဘူး။ ကျနော့်ကားတွေလည်း အကုန်လုံး အဲဒီမှာပဲ ပိတ်မိနေတယ်။ ဆန္ဒပြနေတာ။ ကျနော်တို့ကားတွေ အဲဒီဘက်ရောက်နေတာ ၁၀ ရက်ကျော်ပြီ။ ဝင်လို့လည်းမရ၊ ပြန်လို့လည်းမရ၊ ဒုက္ခရောက်နေတာ။"
ဆန္ဒပြတာက တရုတ်ဘက်ခြမ်း ကံပိုင်တည်နဲ့ ထိစပ်နေတဲ့ ဟိုချေင်ဝ်ဆိုတဲ့ နေရာဖြစ်ပြီး ကားတွေက မြန်မာဘက်ခြမ်း ကံပိုင်တည်ဘက်မှာ အစီး ၈၀၀ လောက် ပိတ်မိနေတာလို့ ဆိုပါတယ်။
အခုလ မတ်လဆန်းကစပြီး ကိုဗစ်ပိုးတွေ့ အကြောင်းပြချက်နဲ့ ကျင်စန်းကျော့နဲ့ ကံပိုင်တည် နယ်စပ်ဂိတ်တွေ အပါအဝင် နယ်စပ်ဂိတ်အားလုံးနီးပါးကို တရုတ်ဘက်က ရုတ်တရက် ယာယီပိတ် လိုက်ပြီး လွယ်ဂျယ်ဂိတ်ကိုတော့ မတ် ၄ ရက်နေ့က ပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။