မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ထုတ်ပြန်ထားပါတယ်။
မတ်လ ၃ ရက် မနက် ၁၀ နာရီခွဲအချိန်က စစ်ကောင်စီတပ်သားတွေ အခိုင်အမာတပ်စွဲထားတဲ့ ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်ထည့်တိုက်ခိုက်ခဲ့တာလို့ KDDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ထွေအုပ်ရုံးရှေ့မှာ အစောင့် စစ်သား ၂ ယောက်ရှိနေပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် ရမ်းသန်းပစ်ခတ်တာတွေ၊ လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတ် ၂ ရက် မနက် ၆ နာရီအချိန်ကလည်း စဥ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းကျေးရွာ အနောက်ဘက်မှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင်အတွင်းရှိ စက်တွေကို မိုင်းအကြီး ၃ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ KDDF က ထုတ်ပြန်ထားပါတယ်။