မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း၊ ၄၅ လမ်းနဲ့ ၄၆ လမ်းကြားရှိ အောင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မတ်လ ၁ ရက် မွန်းတည့် ၁၂ နာရီကျော်အချိန်က သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာရှိပြီး သေနတ်နဲ့ ပစ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
“ရုံးမှာက တပ်စွဲထားတာရှိတယ်။ ပြီးတော့ ရုံးအရှေ့မှာလည်း အတားအဆီးတွေ ချထားတယ်။ လမ်းကိုလည်း တခြမ်းပဲဖွင့်ထားတယ်။ တခါခလေဆို လုံးဝကို ဖြတ်ခွင့်မပေးဘဲ ပိတ်လိုက်တာရှိတယ်” လို့ ရပ်ကွက်နေပြည်သူတဦးက ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခံရအပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ၄၅ လမ်း နဲ့ မနော်ဟရီလမ်း ၊ ၄၈ လမ်း တို့မှာ လမ်းသွားပြည်သူတွေရဲ့ ဆိုင်ကယ် Tool ဘောက်ဖွင့်စစ်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။