ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီခွဲအချိန်လောက်က သီပေါမြို့ကနေ ဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းသူ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာ ပြင်းထန်ရရှိသွားတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မိုင်းနင်းမိသူ အမျိုးသားက သီပေါမြို့ကနေ နောင်ဝိုးကျေးရွာဘက်ကို ဆိုင်ကယ် နဲ့ ဈေးသွားရောင်းချိန် ဖြတ်လမ်းကနေ သွားလိုက်လို့ မိုင်းနင်းမိတာပါ” လို့ ပြောပါတယ်။
နမ့်လန် လူငယ်ပရဟိတ အဖွဲ့ဝင်တစ်ဦးက “ဘယ်ဘက်ခြေ ဖနောင့်ပြတ်ထွက်သွားပြီး ခြေထောက် တစ်ချောင်းလုံးလည်း မိုင်းစတွေ မှန်ထားလို့ လားရှိုးမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီး ဈေးသည်အမျိုးသား နင်းမိခဲ့တဲ့မိုင်းဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ထောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူတိုက်နယ် နောင်ဝိုးကျေးရွာဘက်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ကတည်းက မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ RCSS တို့ကြားတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားပါတယ်။