မန္တလေးတိုင်း၊ မတ္တရာမြို့ ကျေးလက်ဖွံ့ဖြိုးရေးရုံးအနီးရှိ၊ မန်ကျည်းသုံးပင်စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်ရှိပြီး ပေါက်ကွဲမှု ပြင်းထန်တာကြောင့် အမှုန်အခဲတွေ ပေတစ်ထောင်ကျော်အကွာမှာရှိတဲ့ နေအိမ်ခေါင်မိုးတွေပေါ်အထိ ကျရောက်ခဲ့တယ်လို့ မတ္တရာမြို့ခံတွေက ပြောပါတယ်။
အဲ့ဒီ ဖောက်ခွဲတိုက်ခိုက်မှုကို ပကဖ-မတ္တရာမှ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲသံကို မတ္တရာမြို့နယ် နေရာအနှံ့ကနေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
မန်ကျည်းသုံးပင်စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၁၀ နာရီခွဲလောက်ကလည်း မတ္တရာအရှေ့ပိုင်းနယ် မန်ကျည်းကုန်းရွာ နဲ့ ရွာသာယာကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ပကဖ(မတ္တရာ) ဆီက သိရပါတယ်။