Home
မြန်မာသတင်း
မောင်တော- ကြိမ်ချောင်း မဟာလျှပ်စစ်ဓာတ်အားလိုင်းလုပ်ငန်းမှ တာဝါသံဘောင် ၁၂ တန်ခန့် ပျောက်ဆုံး
DVB
·
February 26, 2022
274745840_695111191511277_7028463044368232839_n

ရခိုင်ပြည်နယ်၊ မောင်တော-ကြိမ်ချောင်း မဟာလျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းက ပစ္စည်းတွေဖြစ်တဲ့ တာဝါသံဘောင် ၁၂ တန်လောက်  ပျောက်ဆုံးနေတယ်လို့ မဟာလျှပ်ဓာတ်အားလိုင်းတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။

မဟာဓါတ်အားလိုင်း တည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက "လျှပ်စစ်တာဝါတိုင်တွေ တည်ဆောက်မယ့်သံဘောင်တွေပျောက်နေတာပါ။ အရင်ကထက် အခုပျောက်တာပိုများလာတယ်။ လိုက်လံပြီးစုံစမ်းထားတယ်။ အားလုံးတာဝါတိုင် ၄ တိုင်စာလောက်ပျောက်နေတယ်။ တန်ချိန်နဲ့ဆို ၁၂ လောက်ရှိမယ်။"လို့ ပြောပါတယ်။

ကြိမ်ချောင်းလျှပ်ဓါတ်အားခွဲရုံကို  ဂျပန်နိုင်ငံရဲ့ JICA  အစီအစဉ်ရဲ့   ODA ချေးငွေနဲ့  ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းအပြီး ခဏရပ်ထားခဲ့ရပါတယ်။

အခု ၂၀၂၂ ခုနှစ်မှ စတင်ကာ တာဝါတိုင်တွေ ပြန်လည်တည်ဆောက်နေတာဖြစ်ပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှုတွေကတော့ ၂၀၂၂/၂၀၂၃ ခုနှစ်မှာ ပြီးစီးဖို့ ယာထားကြောင်းသိရပါတယ်။ အဆိုပါ 66.kV ကြိမ်ချောင်း မဟာလျှပ်စစ်ဓာတ်အားခွဲ စက်ရုံပြီးစီးပါက မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၁၇ ရွာ လျှပ်စစ်မီးရမှာ ဖြစ်ပါတယ်။

အခု မောင်တောမြို့နယ်မြောက်ပိုင်းရှိ တောင်ပြိုမြို့နယ်ခွဲနဲ့  ခမောင်းဆိတ်မြို့နယ်ခွဲတွေကို လျှပ်စစ်တာဝါတိုင်တွေ တည်ဆောက်ပေးနေပြီး တာဝါတိုင် တည်ဆောက်ပေးမယ့်နေရာတွေမှာ စုပုံထားတဲ့  သံဘောင် ၁၂ တန်လောက် ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။

မောင်တောမြောက်ပိုင်းဒေသခံတဦးက "သံအဆိုး တစ်ပိဿာကို ကျပ် ၈၀၀ ကနေ ၁၀၀၀ အထိစျေးမြင့်တက်လာတော့ မောင်တောမြို့နယ်က ကျေးရွာတွေကို ကားတွေနဲ့ဆင်းပြီး သံတိုသံစတွေလ လိုက်ရှာနေကြတဲ့သူတွေများလာတယ်။ သူတို့မှာ သံဖြတ်စက်တွေပါတယ်။  တာဝါသံဘောင်တွေ ကိုဖြတ်ပြီး အဲဒီသူခိုးတွေ အောက်ဝှက်ယူသွားတာ တွေဖြစ်နိုင်တယ်။"လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်ကြောင့် မောင်တောဒေသအတွင်းရှိ မွတ်ဆလင်ကျေးရွာ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး ရွာဟောင်းတွေကနေ မီးလောင်ကားအပျက်စီးတွေ၊ ဆိုင်ကယ် အပျက်အစီးတွေ၊ သေတ္တာတွေ၊ စက်ဘီး၊ ဆိုက်ကားနဲ့  သံတိုသံစတွေကို ကားနဲ့ လိုက်လံရှာဖွေနေသူတွေလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024