ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကွမ်းပင်ကျေးရွာအုပ်စု၊ ကပီခီးကျေးရွာတွင်းကို ဖေဖော်ဝါရီ ၂၄ ရက် ည၁၂ နာရီလောက်က နယ်ခြားစောင့်တပ် (BGF) အမှတ်-၁၀၁၃ တပ်ရင်းက ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံစောခူနေလား အသက် ၁၉ နှစ်ဟာ လက်နက်ကြီးကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး၊ စောဘရီး အသက် ၇၀ နှစ်၊ စောဟဲနရီ အသက် ၄၆ နှစ်၊ နော်ထူးထူး အသက် ၄၃ နှစ်နဲ့ စောမူဂေတော အသက် ၁၃ နှစ်တို့ ထိမှန်ဒဏ်ရာတွေရရှိခဲ့တဲ့အပြင် လူနေအိမ် ၅ လုံး ထိမှန်ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန် ဝက် ၂ ကောင်သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီရဲ့တပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေက တပ်စခန်းတည်ဆောက်ဖို့ လယ်ဂူနဲ့ ကျော်တရီကျော်ရွာကိုရောက်ရှိလာပြီး ဒေသခံကျေးရွာသားတွေထံက ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုပါတယ်။
အလားတူ ဖေဖော်ဝါရီ ၂၄ ည ၉ နာရီခွဲလောက်က ကေအန်ယူ၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ သထုံမြို့နယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခမရ ၉ တပ်စခန်း(ကြခတ်ချောင်း)ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးနဲ့ စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့တယ် ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့တပ်စခန်းကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နော်ဖောဂေရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ်မျက်နှာကြက်၊ အကာ၊ သွပ်ပြားတွေ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်းပါ ထိမှန်ပျက်စီးခဲ့တယ်လို ဒေသခံတွေက ဆိုပါတယ်။
အလားတူ ပိန္နဲတောကျေးရွာမှာ အခြေချထားတဲ့ စကခ ၈ စခန်းကနေ လက်နက်ကြီး ၄ ချက် ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ဒုံသမိချောင်း တစ်ဖက်ကမ်းမှာ ၃ လုံးကျရောက်ပေါက်ကွဲခဲ့သလို ပရစ်ခိုကျေးရွာအနီး လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
နတ်ကတုတ်ကျေးရွာသားတစ်ဦးက” စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို ရွာက လူနေအိမ်တစ်လုံးနဲ့ စာသင်ကျောင်း ထိမှန်ပျက်စီးသွားတယ်။ စခန်းထဲကနေ အခုလို ညဘက်ကြီး ရမ်းသန်းပစ်ခတ်နေတာက အပြစ်မရှိတဲ့ ရွာသားတွေကိုတော့ ထိချင်တာထိဆိုပြီး သက်သက်မဲ့ကို ပစ်ခတ်နေတာ။ သူတို့(စစ်တပ်)ကျ စခန်းအပြင်တောင် မထွက်ရဲဘူး”လို့ ဆိုပါတယ်။
အဆိုပါနေ့ မနက်ပိုင်းမှ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက် ၉ နာရီလောက်က နတ်ကြီးနဲ့ မယ်ပလိရွာကြားမှာ တစ်ကြိမ်၊ ၁၀ နာရီခွဲလောက်က တစ်ကြိမ် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေက စောင့်ကြိုပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဦးကျဆုံးခဲ့ပါတယ်။
တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်လို့ ဒေသခံပြည်သူတွေကို သတိထားနေထိုင်ကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားလာရင် ဘေးလွတ်ရာရွေ့ပြောင်းနေထိုင်ကြဖို့ ကေအန်ယူတာဝန်ရှိသူတွေက အသိပေးနှိုးဆော်ထားပါတယ်။