ရုရှားနဲ့ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေး မြင့်တက်လာပြီး နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်တွင်းစက်သုံးဆီစျေးလည်း ရက်ပိုင်းအတွင်း မြင့်တက်လာနေပါတယ်။
လက်ရှိ ကမ္ဘာ့ဈေးကွက်မှာ ရေနံစိမ်းတစ်စည်ပေါက်စျေးက အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိမြင့်တက်လာပြီး၊ ပြည်တွင်းစက်သုံးဆီစျေးကွက်မှာလည်း အောက်တိန်း ၉၂ တစ်လီတာကို ဖေဖော်ဝါရီ ၂၂ ရက်မှာ ၁၆၇၅ ကျပ်ကနေ ဒီနေ့မှာ ၁၇၅၅ ကျပ်ကို မြင့်တက်လာပါတယ်။
အောက်တိန်း ၉၅ တစ်လီတာကို ဖေဖော်ဝါရီ ၂၂ ရက်က ၁၇၃၀ ကျပ်ကနေ ဒီနေ့မှာ ၁၈၁၀ ကျပ်ထိမြင့် တက်လာတာပါ။ ရက်ပိုင်းအတွင်း တစ်လီတာကို ကျပ် ၈၀ ၀န်းကျင်အထိ မြင့်တက်လာပြီး စျေးအတက်ဘက်ကို လှုပ်ခတ်လာတာ ဖြစ်ပါတယ်။
“ဒီရက်အတွင်းကို တရှိန်ထိုး ထိုးတက်တာ။ အရင်ရက်တွေကတည်းကတော့ တဖြေးဖြေးချင်းတက်နေတာပေါ့ အခုက တစ်ရက်အတွင်းကို စျေးအတော်တက်သွားတယ်” လို့ စားသုံးဆီ အရောင်းဆိုင် ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း စစ်ရေးကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးပါမက ကမ္ဘာ့ရွှေစျေးပါ အတက်ဘက်ကိုရောက်ရှိလာနေပါတယ်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေ ဆက်လက်လှုပ်ခတ်နေမယ်ဆိုရင် ရေနံစိမ်းစျေးရော၊ ရွှေစျေးပါ အတက်ဘက်ကိုသာ ဆက်လက်ဦးတည်နေမယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
လောင်စာဆီစျေးနှုန်း မြင့်တက်လာတာကြောင့် လူနေမှုစရိတ်တွေကိုလည်း မြင့်တက်လာစေပြီး၊ သယ်ယူပို့ဆောင်ရေးနဲ့ စက်မှုကုန်ထုတ်ကဏ္ဍတွေမှာလည်း ကုန်ကျစရိတ် ပိုကြီးမြင့်လာနိုင်ကာ နောက်ဆုံးမှာ ကုန်စျေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို စားသုံးသူတွေက ခံစားကြရမှာလို့ လည်းဆိုပါတယ်။
စျေးကွက်လေ့လာ စောင့်ကြည့်သူတစ်ဦးက “ဓာတ်ဆီ၊ ဒီဇယ်စျေးလည်း ထပ်တက်ဦးမှာပဲ၊ ရွှေစျေးလည်း ဘယ်နေလိမ့်မလဲ၊ အရင်ရက်တွေက ၁၉ သိန်းနား ကပ်လိုက် ပြန်ဆင်းလိုက်နဲ့ လုပ်နေတဲ့ ရွှေစျေးက အခုပဲ ၁၉ သိန်းခွဲ နားကပ်နေပြီး”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ စစ်အာဏာသိမ်းချိန်ကစပြီး အခုတစ်နှစ်ကျော်တဲ့အထိ ရွှေ၊ ဒေါ်လာနဲ့ စက်သုံးဆီစျေးတွေအပြင် အထွေထွေ စားသောက်ကုန်၊ လူသုံးကုန်စျေးနှုန်းတွေလည်း နှစ်ဆကျော် မြင့်တက်လာခဲ့ ပါတယ်။
အဲဒီလို အထွေထွေ ကုန်စျေးနှုန်း မြင့်တက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ စား၀တ်နေရေးကလည်း ပိုမို ကျပ်တည်းလာနေပါတယ်။