Home
Lead Story
ICJ တရားရုံးတွင် မြန်မာစစ်တပ်ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးမှု ရခိုင်ဒေသခံများ ဝေဖန်
DVB
·
February 25, 2022
274090524_1972307692969516_1057927703896670846_n

အကြမ်းဖက်လူသတ်ခဲ့တဲ့ စစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တက်ရောက်ဖြေရှင်းခွင့်ပေးတာဟာ အချိန်ဖြုန်းနေတာပဲလို့ ရခိုင်ပြည်နယ်အတွင်းရှိ  ဒေခံတချို့က ဝေဖန်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ICJ နိုင်ငံတကာခုံရုံးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက် ချေပခွင့်ပေးနေတဲ့အပေါ် ဝေဖန်လိုက်တာပါ။

အိုင်စီဂျေနဲ့ပတ်သက်လို့ အစကတည်းကပဲ သိပ်ပြီး အားရစရာမရှိဘူးလို့ စစ်တွေ ဒေသခံ ရိုဟင်ဂျာ တယောက်က ပြောပါတယ်။

“အိုင်စီဂျေနဲ့ ပတ်သက်ပြီး အဲလောက်ထိ အားရစရာတော့မရှိပါဘူး။ အစမ်းကာလအတွင်း ဆောင်ရွက်ဖို့ တာဝန်ပေးထားတဲ့ဟာတွေကိုတောင် မြန်မာအစိုးရက လိုက်နာခြင်းမရှိဘဲနဲ့ ရိုဟင်ဂျာတွေပါအဝင် ပြည်သူလူထု အကုန်လုံးကို အနိုင်ကျင့်၊ ရက်စက်၊ သတ်ဖြတ်၊ ဖမ်းဆီး ချုပ်နှောင် စတဲ့ ဒုစရိုက်တွေ ဆက်တိုက်ကျူးလွန်နေဆဲပါ။ အဓိက ယူအင်န်ရဲ့ လုပ်ဆောင်မှုက အရမ်းပျော့ပါတယ်။ ဘာတခုမှ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိပါဘူး။ အိုင်စီဂျေမှာ လူသတ်တရားခံ စစ် (---) တွေကို ချေပခွင့်ပေးတာလည်း ဘောင်မကျပါဘူး။ စစ်တပ်ဘက်က ခုထိ ဂမ်ဘီးယားက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အိုင်စီဂျေမှာ တရားစွဲခွင့် မရှိဘူး ဘာညာ ပြောပြီး အချိန်ပဲဖြုန်းနေတာပါ။ တရားစွဲခွင့် မရှိရင် အစကပဲ အိုင်စီဂျေကနေ ပယ်ချလိုက်မှာပေါ့” လို့ ပြောပါတယ်။

မောင်တောဒေသခံ ရိုဟင်ဂျာတယောက်ကတော့ အိုင်စီဂျေက မျှော်လင့်ချက်တခုဖြစ်လို့ တရားသူကြီးတွေအနေနဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ တောင်းဆိုပါတယ်။

“မဟာဒုက္ခ ခံနေရတဲ့ လူမျိုးစုတွေအပေါ် သနား စာနာစိတ်ထားဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ အိုင်စီဂျေက ဂမ်ဘီယာရဲ့ တောင်းဆိုချက်တွေကို လက်မခံရင် မြန်မာနိုင်ငံလိုမျိုး တခြားနိုင်ငံတွေကလည်း ဂျီနိုဆိုက် လုပ်ခွင့်ရှိတယ်လို့ ထင်လာလိမ့်မယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအတွက်တော့ အိုင်စီဂျေက အကောင်းဘက်ကို ဖြစ်စေဖို့ မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။

ကျောက်ဖြူ ဒေသခံတယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က စစ်တပ်ဘက်က ကာကွယ်ပေးခဲ့ပေမဲ့ အခုတော့ စစ်တပ်ကိုထောက်ခံသူတွေကိုယ်တိုင်လည်း စစ်တပ်ရဲ့ ရက်စက် အကြမ်းဖက်မှုတွေကို သိရှိကြုံတွေ့လာပြီး အဖတ်ဆယ်မရတဲ့ အခြေအနေ ဖြစ်နေပြီလို့ ဆိုပါတယ်။

စစ်တွေ ဒေသခံ ရိုဟင်ဂျာ တယောက်က “မြန်မာဘက်ကနေ အိုင်စီဂျေရဲ့ တောင်းဆိုချက်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်မလဲဆိုတာ အရင် ကြည့်ကြမယ်လေ။ ဒီတကြိမ်လည်း ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေး ဘာညာ မှာကြားပြီး ပြန်လွှတ်လိုက်ရင်တော့ အိုင်စီဂျေလည်း နာမည်သာ ရှိပြီး ဘာမှ လှုပ်ရှားလို့မရတဲ့ အဖွဲ့အစည်းတခုပဲလို့ သတ်မှတ်ရမှာပေါ့။ အချုပ်အနေနဲ့ပြောရရင် နိုင်ငံတကာ တရားခုံရုံးမှာ တရားစွဲဆိုနိုင်တာကတော့ ကျေနပ်စရာပါ။ ဒါပေမဲ့ လူစိတ်မရှိတဲ့ စစ်တပ်အဖို့ အရှက်ကွဲတယ်ဆိုတာ ဘာကိစ္စမှမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ဂုဏ်သိက္ခာမဲ့ တိရစ္ဆာန်ထက်ဆိုးတာကိုး” လို့ ပြောပါတယ်။

အိုင်စီဂျေက ချမှတ်တဲ့ အမိန့်တွေကို စစ်တပ်ဘက်က လိုက်နာမယ်ဆိုရင်‌တော့ ရိုဟင်ဂျာတွေအတွက် ပိုကောင်းလာနိုင်ပြီး မလိုက်နာဘူးဆိုရင်၊ အိုင်စီဂျေဘက်ကလည်း အဆင့်အတိုင်းသွားနေမယ်ဆိုရင်‌တော့ ကျန်နေတဲ့ ရိုဟင်ဂျာတွေပါ မျိုးတုံးသွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့  ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက   စွပ်စွဲပြီးအမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီအမှု ဒုတိယကြိမ် ကြားနာမှုတွေကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်အထိပြုလုပ်နေရာမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်နဲ့ ဂမ်ဘီယာအစိုးရ ကိုယ်စားလှယ်တွေ အပြန်အလှန် လျှောက်လဲနေကြတာဖြစ်ပါတယ်။

Photo-MOFA 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024