တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စားသောက်ဆိုင်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မထက်ထက်ဇော်အပါအဝင် လူငယ် ၉ ဦးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ထားဝယ်ထောင်တွင်း တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်စီချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေမှာ မထက်ထက်ဇော်၊ ကိုရဲမင်းကျော်၊ ကိုကျော်ဇေယျ၊ ကိုအေးစိုးပိုင်၊ ကိုအောင်မျိုးထွေး၊ ကိုအောင်မျိုးဟိန်း၊ မစုလှိုင်နွေး၊ မစန်းမြတ်မြတ်ထူးနဲ့ မအိသန္တာတို့ဖြစ်ပြီး အများစုမှာ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
၉ ဦးလုံးဟာ ၂၀၂၁ ခုနှစ်၊ မေ ၂၉ ရက်နေ့က ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာရှိနေစဥ် စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂(က) တို့နဲ့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အခုလို အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အခုထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မစုလှိုင်နွေးဟာ ကျန်းမာရေး မကောင်းသတာကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
မထက်ထက်ဇော်အပါအဝင် လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းကျခံနေရသူ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ၃ ဦးရှိတယ်လို့လည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီထံကနေသိရပါတယ်။
“မေ ၂၉ ရက်က ဖမ်းဆီးခံရတဲ့ မထက်ထက်ဇော်၊ မစန်းမြတ်မြတ်ထူး၊ မအိသန္တာ၊ မစုလှိုင်နွေး၊ ကိုရဲမင်းကျော်၊ ကိုအောင်မျိုးထွေး၊ ကိုကျော်ဇေယျ၊ ကိုအောင်မျိုးဟိန်း၊ ကိုအေးစိုးပိုင် (ဝဲမှယာ)”