မကွေးတိုင်း ချောက်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ် ၂၀ လောက် ဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ မကွေးလူထုတိုက်ပွဲကော်မတီက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ချောက်မြို့ ရွှေပံတောင် စိမ်းလန်းစိုပြေရေးနယ်မြေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ လိုက်ကပ်တာကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အသက်မပြည့်သေးတဲ့ အခြေခံပညာ ကျောင်းသားတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတာလို့ မကွေးလူထု တိုက်ပွဲကော်မတီ ဦးဆောင်သူ တစ်ဦးဖြစ် ကိုချစ်ဝင်းမောင်က ဒီဗွီဘီကိုပြောပါတယ်။
အသက်မပြည့်သေးတဲ့ အမျိုးသမီး ၅ ယောက်အပါအဝင် စုစုပေါင်းလူငယ် ၂၀ လောက်ဖမ်းဆီးခံရကာ အမျိုးသားလူငယ်တွေရဲ့ လိင်အင်္ဂါတွေကို ဆေးလိပ်မီးနဲ့ထိုးပြီးစစ်ဆေးတဲ့ အပြင် အကြမ်းဖက်တဲ့ နည်းပေါင်းစုံနဲ့ စစ်ဆေးနေကြောင်း ကြားသိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ကလေးငယ်တွေကို မတရားဖမ်းဆီးနှိပ်စက်တာဟာ ကလေးသူငယ်အခွင့်ရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ကြောင်း၊ ကလေးငယ်တွေ ပြန်လည်လွတ်မြောက်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေးကာလမှာ ကျဆုံး၊ ဖမ်းဆီးခံရတဲ့ ကျောင်းသား ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေအပေါ် တရားမျှတမှုကို ပြန်လည်ရယူနိုင်ဖို့အတွက် စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျတဲ့အထိ တော်လှန်ရေးမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။