ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရှမ်းကယားနယ်စပ် မိုးဗြဲတိုက်ပွဲမှာ တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်တွေကို ဆေးကုသပေးနေစဉ် လက်နက်ကြီးကျည် ထိမှန်ကျဆုံးသွားခဲ့တဲ့ ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင်ရဲ့ ရုပ်လောင်းကို မနေ့က မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရ တော်လှန်ရေး ရဲဘော်တွေကို ဆေးကုသပေးနေတုန်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေါက်တာအောင်ကြီး အပါအဝင် ဆေးတပ်သားတချို့ ကျဆုံးခဲ့ရပါတယ်။
ဒေါက်တာအောင်ကြီးရဲ့ ရုပ်အလောင်းကို သေဆုံးပြီး ၃ ရက်အကြာမှ မိုးဗြဲ PDF က ခက်ခက်ခဲခဲ ပြန်သယ်ခဲ့ရတာဖြစ်ပြီး မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီက မီးသင်္ဂြိုဟ်ပေးခဲ့တာလို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က သတင်းထုတ်ပြန်ထားပါတယ်။
“မိမိတို့ ကရင်နီ ဒီမိကရက်တစ်တပ်ဦး (KDF) ဆေးအဖွဲ့ဝင်ဖြစ်သော ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင် ဆုံရှုံးခဲ့ရသောကြောင့် မိမိတို့ KDF အဖွဲ့သားများမှလည်း အင်မတန်မှ ဝမ်းနည်းရပါကြောင်းနှင့် ကျဆုံးသွားလေသော ဒေါက်တာအောင်ကြီးအား အာဇာနည်သူရဲကောင်းအဖြစ် အစဥ်ထာဝရ အသိအမှတ်ပြုပါကြောင်း” ထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့လောက်စပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်ထန်စွာ ပြင်းထန်နေပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့လို့ နှစ်ဘက်ထိခိုက်ကျဆုံး များခဲ့ပြီး ဒေါက်တာအောင်ကြီး အပါအဝင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် ၂၀ လောက် ကျဆုံးခဲ့ရပါတယ်။
မနေ့ညအထိလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက်မှာလည်း ရှမ်းပြည်နယ် ဖယ်ခုံမြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။