လောကကို “ပညာ” က ဦးဆောင်သည်။ ဉာဏ်ပညာ ဦးဆောင်သော လူ့အဖွဲ့အစည်းက သာယာချမ်းမြေ့သော လူ့ဘောင်ကို ဖန်တီး၍ ပညာမဲ့သူတို့ ဦးဆောင်သော လူ့အဖွဲ့စည်းက ပျက်စီးခြင်းအလုံးစုံတို့ကို ဖန်တီးသည်။
ထူးအိမ်သင်ကတော့ “ဤ မြေပြင်ပေါ်တွင် ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာမှတပါး အခြားသော အလေးအမြတ် ပြုအပ်ရာမည်သည် မရှိ” ဟု ဆိုခဲ့သည်။
ပညာတတ်ခြင်း၊ ပညာမတတ်ခြင်းအပေါ် အခြေခံ၍ လူ့အဖွဲ့အစည်းတွေ ပြောင်းလဲကြသည်။ ပညာတတ် ပေါများသော၊ ပညာကို အခြေခံသောနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ကြ၍ ပညာဉာဏ် နည်းပါးသော၊ ပညာမတတ်သော လူ့အဖွဲ့အစည်းတွေက မဖွံ့မဖြိုး အောက်ကျ နောက်ကျ နိုင်လှသည်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်မှု အနိမ့် အမြင့် မတူကြ။ ထိပ်တန်းနိုင်ငံတွေအားလုံးကို ကြည့်လျှင် “ပညာ”သည် ထိပ်ဆုံးမှာ ရှိသည်ကို တွေ့ရမည်။ အာဏာရှင်နိုင်ငံဖြစ်စေ၊ ဒီမိုကရေစီ နိုင်ငံဖြစ်စေ “ပညာ” ကို အခြေမခံလျှင် ဖွံ့ဖြိုးတိုးတက်မှုမရ။ အကောင်းဆုံးနမူနာက “စင်ကာပူ” ဖြစ်သည်။ စင်ကာပူနိုင်ငံကို ထူထောင်ခဲ့သော လီကွမ်းယူကိုယ်တိုင် ပညာတတ်ဖြစ်သလို သူနိုင်ငံကို ပညာအခြေခံပြီး ထိပ်တန်းရောက်အောင် ပို့ဆောင်ခဲ့သည်။ စင်ကာပူ လွတ်လပ်ရေးကြိုးပမ်းစဉ် လီကွမ်ယူက အင်္ဂလန်မှ ဥပဒေဘွဲ့ ရရှိပြီး ရှေ့နေတစ်ယောက် ဖြစ်နေပြီ။
လီကွမ်ယူက စင်ကာပူကို သူ ကွယ်လွန်သည်အထိ ဦးဆောင်ခဲ့သည်။ ယခုချိန်ထိလည်း လီ၏ မျိုးဆက်တွေက စင်ကာပူကို ဦးဆောင်နေဆဲ ဖြစ်သည်။ ကျင်းပသည့် ရွေးကောက်ပွဲတိုင်း လီကွမ်းယူ၏ ပီအေပီကပင် ယနေ့အထိ အပြတ်အသတ်အနိုင်ရခဲ့သလို ဂိုချောက်တောင်၊ လီရှင်လွန်း စသည့် ပညာတတ်ခေါင်းဆောင်တွေက စင်ကာာပူကို ဆက်လက် ဦးဆောင်ခဲ့သည်။ စင်ကာပူကို အာဏာရှင်နိုင်ငံဟု ပြောလျှင် ရသည်။ တစ်ပါတီတည်းက အမြဲအနိုင်ရ၍ အာဏာရရှိခဲ့သဖြင့် စင်ကာပူကို အုပ်ချုပ်ရေးကို အော်တိုကရေစီဟု သမုတ်ကြသည်။ သို့သော် စင်ကာပူခေါင်းဆောင်အားလုံး ပညာတတ်ကြသည်။ နိုင်ငံကို ပညာအုတ်မြစ်ပေါ် တည်ဆောက်ထားသည်။
ကွန်မြူနစ်ပါတီ ဦးဆောင်သော တရုတ်ပြည်က ယနေ့ကမ္ဘာတွင် ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ။ ၁၉၄၉ ခုနှစ် တရုတ်ပြည် စတင်တည်ဆောက်စဉ်က ကုန်းကောက်စရာ မရှိသော နိုင်ငံ။ ခုတော့ ကမ္ဘာမှာ အမေရိကန်ကိုပင် ပါဝါအင်အားပြလာနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်လာသည်။ ဒါက စနစ်ထက် “ပညာ”ကို အခြေခံခဲ့သောကြောင့် ဖြစ်သည်။ လက်ရှိ ခေါင်းဆောင် ရှီကျင့်ပင်ကိုယ်တိုင် ပညာတတ်တစ်ဦးဖြစ်သည်။ ရှီသည် တရုတ်ပြည်တော်လှန်ရေး နောက်ပိုင်းကျမှ မွေးဖွားလာသည့် ခေါင်းဆောင်ဖြစ်သည်။ တရုတ် ဆင်းဟွာတက္ကသိုလ်က ဓာတုအင်ဂျင်နီယာဘွဲ့ ရခဲ့သည်။
ပြုပြင်ပြောင်းလဲရေး စခဲ့သည့် တိန့်ရှောက်ဖိန်မှသည် ယနေ့အထိ တရုတ်နိုင်ငံသား ကျောင်းသား အမြောက်အမြားကို အနောက်နိုင်ငံ(အထူးသဖြင့် အမေရိကား) သို့ စေလွှတ်ပညာသင်စေခဲ့သည်။ ဤသို့အားဖြင့် တရုတ်သည် ခေတ်မီနည်းပညာတွေကို ရယူခဲ့သည်။ ယနေ့ ကွန်မြူနစ် ဗီယက်နမ်ကို ဦးဆောင်နေသည့် ထိပ်တန်းပါတီဝင်များအားလုံး ပညာတတ်တွေ ဖြစ်ကြသည်။ ပညာရေး၌ အဓိက ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဗီယက်နမ်သည်လည်း ယနေ့ တဟုန်ထိုး တိုးတက်နေသည့်နိုင်ငံ ဖြစ်လာသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုဝန်းကျင်က စစ်အာဏာရှင်စနစ် လွှမ်းမိုးခဲ့သော တောင်ကိုးရီးယား၊ အင်ဒိုနီးရှားတို့ စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်ပြီးနောက်ပိုင်း ဉာဏ်ပညာဦးဆောင်သော လူ့အဖွဲ့အစည်းအဖြစ် ရောက်ရှိကာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ နိုင်ငံကို ဦးဆောင်သူ၊ အုပ်ချုပ်သူတွေမှာ လူသားဆန်သော ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာရှိလျှင် ထိုနိုင်ငံ အေးချမ်းမည်။ ဖွံ့ဖြိုးမည်။
ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်ကို အာဏာရှင်ဟု ဆိုလျှင် စင်ကာပူ ဝန်ကြီးချုပ် လီကွမ်းယူသည်လည်း အာဏာရှင်ဟုပဲ ကောက်ချက်ဆွဲနိုင်သည်။ သို့သော် မတူညီသော အာဏာရှင်ပုံစံတွေနှင့် သူတို့နိုင်ငံကို သူတို့ ထိန်းကျောင်းသွားကြသည်။ အာဆီယံမှာ အနိမ့်ဆုံး သုံးနိုင်ငံမှာ ခု ကမ္ဘောဒီယားက တော်တော်လေး ရှေ့တက်လာပြီ။ လာအိုကလည်း အရှိန်ယူနေသည်။ ဟွန်ဆန် အာဆီယံဥက္ကဋ္ဌ နေရာယူခွင့်ရလာတော့ မြန်မာ့အရေးကို ဝင်ကူဖို့ ကြိုးစားကြည့်သည်။ သူ့နိုင်ငံကလည်း တလျှောက်လုံး ပြည်တွင်းစစ်မီးတွေကို ဖြတ်သန်းခဲ့ရတာ မဟုတ်လား။ ပါရီငြိမ်းချမ်းရေးစာချုပ်၊ ကုသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေ အကူအညီနှင့် ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပ။ တစ်စ တစ်စနှင့် သည်လို အခြေအနေမျိုး ရောက်လာသည်။ နိုင်ငံရေးပဋိပက္ခကို ငြိမ်းချမ်းသောနည်းနှင့် အဖြေရှာခဲ့သည်။ ခမာနီ ပိုပေါ့တို့ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုတွေကို ပြည်တွင်းမှာပဲ နိုင်ငံတကာတရားရုံးဖွင့်ပြီး စစ်ဆေးစီရင်ခဲ့သည်။ ဟွန်ဆန်က မြန်မာပဋိပက္ခကို သူ့နိုင်ငံအတွေ့အကြုံနှင့်ယှဉ်ပြီး ဖြေရှင်းရန် ဆန္ဒရှိသည်။ ယခုတော့ ဟွန်ဆန်လည်း မြန်မာ့အရေးကို လက်လျှော့လိုက်ပြီဟု ဆိုသည်။
လူ့အဖွဲ့အစည်းကို ပညာကပဲ ဦးဆောင်ရမည်။ လူသားဆန်သော၊ စဉ်းစားဆင်ခြင်မှုနှင့် အမြော်အမြင်ကြီးမှုကို ပညာဉာဏ်ကပဲ ပေးသည်။ အာဏာရှင်ဟု ဆိုနိုင်သည့် ဟွန်ဆန်သည်ပင်လျှင် သူ၏အရိုက်အရာဆက်ခံမည့် သားကြီး ဟွန်မာနေးကို ပညာတတ်တစ်ယောက် ဖြစ်အောင် မွေးမြူခဲ့သည်။ ဟွန်ဆန် လွန်လျှင် ကမ္ဘောဒီးယားကို ဟွန်မာနေးက ဆက်ဦးဆောင်မည်။ ဟွန်မာနေးက အမေရိကန် နယူးယောက်တက္ကသိုလ်က စီးပွားရေးမဟာဘွဲ့ ရထားသူဖြစ်သလို နာမည်ကျော် ဝက်စ်ပွိုင့် စစ်အကယ်ဒမီ ကျောင်းဆင်းလည်း ဖြစ်သည်။ ဗြိတိန် ဘရစ္စတိုးလ်တက္ကသိုလ်က စီးပွားရေးဒေါက်တာဘွဲ့ ပီအိတ်ချ်ဒီ ရရှိထားသူ ဖြစ်သည်။ အာဆီယံမှာ ပြည်တွင်းစစ်ကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်ခဲ့ရသော ကမ္ဘောဒီးယားက လွန်ခဲ့သည့်နှစ်များအတွင်း ပညာရေးမှာ အများကြီး ရင်းနှီးပြီး အများကြီးရင်းနှီးမြှုပ်နှံနိုင်ခဲ့သည်။
အာဆီယံ အနိမ့်ဆုံး သုံးနိုင်ငံမှာ မြန်မာက ကိုယ့်နိုင်ငံသားချင်း ပဋိပက္ခမီးတောက်မီးလျှံတွေနှင့် လုံးချာလိုက်နေချိန် ရင်းနှီးမြှုပ်နှံမှုတွေက ကမ္ဘောဒီးယားကို ရွေ့သွားသည်။ ဗီယက်နမ်ကို ရွေ့သွားသည်။ ဗီယက်နမ်ဆိုလျှင် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်က အကျိုးအမြတ်တွေ အများကြီး ရသွားသည်။
နိုင်ငံတွေကို ပညာကပဲ ဦးဆောင်သည်။ ပညာဉာဏ် ဦးဆောင်ဆောင်သော လူ့အဖွဲ့အစည်းတွေက ချမ်းမြေ့သာယာ၍ ပညာဉာဏ် ကင်းမဲ့သူတို့ ဦးဆောင်သော လူ့အဖွဲ့အစည်းတွေက အလုံးစုံ ပျက်စီးခြင်းသို့သာ ဦးတည်သည်။
“ဤကမ္ဘာမြေပြင်ပေါ်တွင် ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာမှတပါး အလေးအမြတ်ပြုအပ်ရာသည် မရှိ။” (ထူးအိမ်သင်)
ချစ်ဝင်းမောင်