ကမ္ဘာ့အနောက်ခြမ်းရဲ့ ကမ္ဘာစစ်မီးပွားက ယူကရိန်းမှာ ဖြစ်နေသလို ကမ္ဘာ့အရှေ့ခြမ်းရဲ့ ပြဿနာဗဟိုချက်ကလည်း မြန်မာနိုင်ငံ ဖြစ်လို့နေပါတယ်။
သမိုင်းတလျှောက်မှာ အင်အားကြီးနိုင်ငံတွေ စစ်မက်ဖက်ပြိုင်ကြတဲ့ ကမ္ဘာစစ်ကြီးတွေမဖြစ်တာ နှစ်ပေါင်း ၈၀ နီးပါး ရှိနေပါပြီ။ ရာစုနှစ်တခုနီးပါး စီးပွားရေးလုပ်ပြီး ဖွံ့ဖြိုးလာနေတဲ့ အင်အားကြီး နိုင်ငံတွေကြားမှာ စစ်ရေးပဋိပက္ခကို ရှောင်လွှဲနိုင်ခဲ့ကြပေမဲ့ ကမ္ဘာကြီးရဲ့ ဓမ္မနဲ့ အဓမ္မကြားက ပဋိပက္ခတွေကတော့ ဆက်ပြီးရှိနေမြဲပါပဲ။ လတ်တလောဖြစ်နေတဲ့ ယူကရိန်း အကျပ်အတည်းက ယခင် မဟာအင်အားကြီးနိုင်ငံကြီးတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိက ဦးဆောင်တဲ့ အနောက်အုပ်စုကြားက ပဋိပက္ခတွေရဲ့အဆက်ပါ။
မြန်မာ့အကျပ်အတည်းကတော့ ကိုလိုနီအမွေဆိုးလို့ခေါ်ကြတဲ့ ကိုလိုနီလက်အောက်က လွတ်မြောက်လာတဲ့နိုင်ငံတွေမှာ ဖြစ်နေတဲ့ အာဏာရှင်တွေနဲ့ ပြည်သူလူထုရဲ့ ပဋိပက္ခကို ရောင်ပြန်ဟပ်နေတာပါပဲ။ မိုင်ပေါင်း ၅၀၀၀ ကျော်ဝေးတဲ့ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ယဉ်ကျေးမှုချင်း မတူညီတဲ့ လူ့အသိုင်းအဝိုင်းနှစ်ခုမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ တသီးတခြားစီလို ထင်ရပေမဲ့ မျက်မှောက် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဆက်စပ်မှုတွေများစွာနဲ့ ထွေးရောယှက်တင် ရှိနေတာပါ။
ယူကရိန်းအရေးမှာ ရုရှားက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာနဲ့ အလားတူ မြန်မာ့အရေးမှာလည်း ရုရှားက ဇာတ်ကောင်တကောင်ပါပဲ။ ပဋိပက္ခဖြစ်နေတဲ့ ယူကရိန်းရော ရုရှားကပါ နှစ်နိုင်ငံလုံး မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းမီးကျောက်တွေ ပံ့ပိုးပေးနေတာပါ။ ယူကရိန်းပြဿနာမှာ ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေ ထိပ်တိုက်တွေ့နေသလို၊ မြန်မာပြဿနာမှာလည်း ရုရှား၊ တရုတ်နဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်တိုင်းနိုင်ငံတွေ အားပြိုင်နေတာကို အထင်အရှားတွေ့နေရပါတယ်။
“ဥရောပလုံခြုံရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယူကရိန်းအရေးကို အနောက်အုပ်စု အင်အားကြီးတွေ စိုးရိမ်ပူပန်ကြသလို “ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာ့အရေးကိုလည်း အိမ်နီးချင်း မဟာအင်အားကြီး တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတေးလျတို့က စိုးရိမ်ပူပန်နေကြပါတယ်။ မြန်မာရော ယူကရိန်းမှာပါ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ ရှိနေတာမို့ လုံခြုံရေးအရ စိုးရိမ်ပူပန်မှုတွေက ပိုပြီးမြင့်တက်လာနေပါတယ်။
လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးလှုပ်ရှားသူတွေနဲ့ ယူကရိန်းအစိုးရစစ်တပ်အကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး ခွဲထွက်ရေး လှုပ်ရှားသူတွေကတော့ ရုရှားလူမျိုးတွေပါ။ ဒီ စစ်ရေးပဋိပက္ခကို အကြောင်းပြပြီး ရုရှားက ကျူးကျော်လာလိမ့်မယ်လို့ ဒေသဆိုင်ရာ လေ့လာသူတွေနဲ့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ ယူကရိန်းကို ဝင်တိုက်ဖို့မရှိဘူးလို့ အခါခါ ငြင်းဆိုနေပေမဲ့ ယူကရိန်းနယ်စပ်မှာ စစ်အင်အားသိန်းချီချထားပြီး လှုပ်ရှားစစ်ကစားပြနေတာက နေတိုး စစ်အုပ်စုအတွက် စိုးရိမ်မှုတွေကို မြင့်တက်လာစေပါတယ်။
အလားတူ တရုတ်နိုင်ငံက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ မူဝါဒမရှိဘူးလို့ အကြိမ်ကြိမ် ပြောနေပေမဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ ဓာတ်ငွေ့ပိုင်းလိုင်းကို ကာကွယ်ဖို့အတွက် အကြောင်းပြပြီး တရုတ်စစ်တပ်တွေ အချိန်မရွေး မြန်မာနိုင်ငံထဲ ဝင်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေတာကြောင့် အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေကို စိုးရိမ်မှု မြင့်တက်လာစေတာပါ။
ဒီနေရာမှာ တူနေတာက ပဋိပက္ခနှစ်ခုစလုံးမှာ ဓာတ်ငွေ့ပိုက်လိုင်းက အရေးပါနေတာပါပဲ။ ဒေသတွင်းဖွံ့ဖြိုးမှုအတွက် ဒေသတွင်းရှိ နိုင်ငံတိုင်းက စွမ်းအင်လုံခြုံမှုရှိစေဖို့ အားစိုက် ကြိုးပမ်းကြရာကနေ ဓာတ်ငွေ့ပိုက်လိုင်းတို့၊ ရေနံပိုက်လိုင်းတို့က နိုင်ငံတကာဆက်ဆံရေးမှာ အရေးပါလာကြပါတယ်။ ဒါကို နိုင်ငံတကာဆက်ဆံရေးမှာ ပိုက်လိုင်းသံခင်းတမန်ခင်း (Pipeline Diplomacy) ရယ်လို့ ဝေါဟာရတွင်ပါတယ်။
တရုတ်က မြန်မာနိုင်ငံအတွင်း စွမ်းအင်ပိုက်လိုင်းတခု သွယ်တန်းထားသလို အိန္ဒိယကလည်း ကုလားတန်မြစ်ဝှမ်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းတခု သွယ်တန်းဖို့ရှိနေပါတယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံလည်း ပိုက်လိုင်းသွယ်တန်းပြီးသား ရှိနေတာပါ။ ဒီပိုက်လိုင်းတွေက မြန်မာ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရှိ သန်းနဲ့ချီတဲ့ လူဦးရေအပေါ်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုး၊ ဆိုးကျိုးတွေ သက်ရောက်စေမှာပါ။
အလားတူ ရုရှားနိုင်ငံကလည်း ယူကရိန်းနိုင်ငံကို ဖြတ်ပြီး ဥရောပနိုင်ငံတွေကို ပေးပို့တဲ့ ရေနံပိုက်လိုင်းတခု ရှိနေပြီး ဥရောပနိုင်ငံတွေ၊ အထူးသဖြင့် ဂျာမနီနိုင်ငံကို အညှာကိုင်ထားနိုင်တဲ့ Nord Stream 1 နဲ့ 2 ဆိုတဲ့ ပိုက်လိုင်းနှစ်ခု သွယ်တန်းထားပြီးပါပြီ။ အနောက်တိုင်းက စစ်ရေး၊ နိုင်ငံရေး လေ့လာသူတဦးက ရုရှားအနေနဲ့ ပိုက်လိုင်းကို လက်နက်သဖွယ် သုံးစွဲဖို့ တပ်ဆင်ထားတယ်ဆိုတာ သူ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နေတိုး စစ်မဟာမိတ်အဖွဲ့အတွင်း ယူကရိန်းအရေးမှာ ခိုင်ခိုင်မြဲမြဲ လက်တွဲဖို့ ဥရောပနိုင်ငံတွေအပေါ် အမေရိကန်က စည်းရုံးရ ခက်နေတာပါ။
ရုရှားက ယူကရိန်းအပေါ်နဲ့ တရုတ်က မြန်မာအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ မသေချာသေးပေမဲ့ အနောက်အုပ်စုနိုင်ငံတွေကတော့ စစ်သားတွေ ပို့တာ၊ စစ်သင်္ဘောတွေ ပို့တာတွေ လုပ်နေရပါပြီ။ အခုလို အင်အားကြီးတွေရဲ့ အားပြိုင်မှုကြောင့် ကမ္ဘာတဝန်း ရေနံဈေးနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာလည်း တွေ့နေရပါတယ်။
ကမ္ဘာကြီးဟာ ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နာလန်မထူနိုင်ဖြစ်ခဲ့ရပြီး ပြန်လည် အားယူရမယ့်အချိန်မှာ စစ်ရေးအရ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေတာကြောင့် ကပ်ကြီးသုံးပါးမှာ ရောဂါဘေးဖြင့် သေကျေပျက်စီးသော ရောဂန္တရကပ်နဲ့ လက်နက်ဘေးဖြင့် သေကျေပျက်စီးသော သတ္ထန္တရကပ်တို့ကို မျက်မှောက်ရင်ဆိုင်နေရပြီး နောက်ဆက်တွဲအနေနဲ့ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဖြင့် သေကျေပျက်စီးသော ဒုဗ္ဘိက္ခန္တရကပ်ကို ဆိုက်ရောက်လာဖို့ ရှိနေပါတယ်။
ဒီလို ကပ်ဘေးဒုက္ခတွေကို တားဆီးနိုင်ဖို့ ကမ္ဘာ့လူ့အသိုင်းအဝိုင်းက အားထုတ်ဆောင်ရွက်ရာမှာ သက်ဆိုင်သောပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက် တိုက်ရိုက်ဆွေးနွေးဖို့ မဖြစ်နိုင်တဲ့အခါမှာ တစုံတဦး တဖွဲ့တလေက သက်ဆိုင်သူတွေထံကို အကြိမ်ကြိမ် လွန်းထိုးသွားရောက်ပြီး ကြားဝင် ဆောင်ရွက်ပေးရလေ့ ရှိပါတယ်။ ဒါကို လွန်းပျံသံခင်းတမန်ခင်း (Shuttle Diplomacy) ရယ်လို့ နိုင်ငံတကာဆက်ဆံရေးမှာ ဝေါဟာရတွင်ပါတယ်။ ယူကရိန်းအရေးမှာ ယူကရိန်းနဲ့ ရုရှားတို့ နှစ်ဘက် တိုက်ရိုက်ညှိနှိုင်းဖို့ မဖြစ်နိုင်တဲ့အတွက် အမေရိကန်၊ ဂျာမနီ စတဲ့နိုင်ငံတွေက လွန်းပျံသံခင်းတမန်ခင်းကို အသုံးချပြီး ပြဿနာပြေလည်အောင် ဆောင်ရွက်ကြသလို၊ မြန်မာ့အရေးမှာလည်း မြန်မာစစ်အုပ်စုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ နှစ်ဘက် တိုက်ရိုက်ညှိနှိုင်းဖို့ မဖြစ်နိုင်တာကြောင့် အာဆီယံ၊ ဂျပန်၊ တရုတ်၊ အမေရိကန်နိုင်ငံတွေက လွန်းပျံသံခင်းတမန်ခင်းနည်းကို အသုံးချပြီး ကြားဝင်ဖြေရှင်း ဆောင်ရွက်ပေးနေကြတာ တွေ့ရပါတယ်။
ဒါပေမဲ့ အဲဒီသံတမန်နည်းလမ်းဟာ ဒီနေ့အထိ ပြဿနာမပြေလည်နိုင်သေးတာမို့ အလုပ်မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ဒီပြဿနာတွေ ဖြေရှင်းရာမှာ အမှန်တကယ်ပြဿနာထဲ ရောက်နေတဲ့လူတွေ မပါဝင်ဘဲ ဖြေရှင်းနေတာဟာ အနာနဲ့ဆေး တလွဲစီ ဖြစ်နေသလိုပါပဲ။
ပြဿနာဖြေရှင်းပေးမယ့်သူတွေက ပြဿနာဖန်တီးတဲ့သူတွေဖြစ်တဲ့ အစိုးရတွေနဲ့ တွေ့ပြီး သူတို့ပြောတာကို အသေအချာ နားထောင်ဖို့လိုပြီး ပြဿနာကြောင့် ခံစားရတဲ့ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ကြည့်ဖို့ လိုပါတယ်။
လွန်းပျံသံတမန်တွေကတော့ ယူကရိန်းပြည်သူတွေ၊ အစိုးရနဲ့ ခွဲထွက်ရေးလှုပ်ရှားသူတွေကို တိုက်ရိုက်မေးမြန်းတာ မတွေ့ရသလို၊ မြန်မာနိုင်ငံမှာလည်း မြန်မာပြည်သူတွေ၊ မြန်မာအစိုးရ (စကစ နဲ့ NUG) တွေ၊ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေနဲ့ တိုက်ရိုက်မေးမြန်းတာမျိုး မတွေ့ရသေးပါဘူး။
ဒါကြောင့် ဒီမိုး ဒီလေတွေကြားမှာ ဒီကိုယ်တော်တွေ ဒီအတိုင်း ဆက်လှော်ခတ်နေရင်တော့ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေမှာ မြင်ယောင်မိပါသေးတယ်။
အေးမင်း(တာမွေ)