မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်းတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်အစောပိုင်းက ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) ဆီက သိရပါတယ်။
စစ်ကောင်စီ ယာဥ်တန်းကို မတ္တရာမြို့နယ် ဥက္ကံကျေးရွာ နဲ့ ပွဲစားကုန်းကျေးရွာအကြားမှာ မနက် ၆ နာရီ ၅၅ မိနစ်က တစ်ကြိမ်၊ ဘိုးတော်တောင်ကွေ့အနီးမှာ တစ်ကြိမ် မိုင်းနှစ်ဆင့်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဦးက ပြောပါတယ်။
မိုင်းဆွဲခံရပြီး ဆက်လက်ထွက်ခွာလာတဲ့ ယာဥ်တန်းကို မတ္တရာမြို့နယ် သပြေပင်ကုန်းကျေးရွာ နဲ့ ဘိုကုန်းအကြားမှာ တစ်ကြိမ်၊ မနက် ၈ နာရီ ၄၀ မိနစ်က ကျောက်တံတား ကျေးရွာ စာသင်ကျောင်းတောင်ဘက်ရောက်ချိန် တစ်ကြိမ်၊ ၈ နာရီ ၄၇ မိနစ်က ကျောက်တံတားစာသင်ကျောင်းတောင်ဘက်မှာ တစ်ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုလိုတိုက်ခိုက်မှုကို ပကဖ-မတ္တရာ နဲ့ Mandalay People's Defense Force(MPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစ်စီး လမ်းဘေးထိုးကျနေတာတွေ့ရပြီး အထိအခိုက် အကျအဆုံးကိုတော့ မသိရဘူးလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။