Home
ဆောင်းပါး
စစ် ဖြစ်တော့မှာလား…
DVB
·
February 14, 2022
R-U Article

ကမ္ဘာ့သတင်းတွေကို ကြည့်လိုက်ရင် ယူကရိန်းသတင်းက ထိပ်ဆုံးမှာ နေရာယူနေတယ်။ ရုရှားစစ်တပ်တွေက မကြာခင်မှာပဲ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ကြတော့မလိုလို၊ ယူကရိန်းကို ရုရှားက ကျူးကျော်တာနဲ့ အမေရိကန်က ချက်ချင်း တုံ့ပြန်တိုက်ခိုက်မှာဖြစ်ပြီး ဥရောပမှာ စစ်ပွဲကြီးတစ်ခု မကြာခင်မှာ ဖြစ်လာတော့မလိုလို ရင်တထိတ်ထိတ်နဲ့ ဖတ်နေရတယ်။

ဒီတော့ ယူကရိန်းမှာ စစ်ပွဲကြီးတစ်ခု တကယ်ဖြစ်လာတော့မှာလား။ အမေရိကန်နဲ့ ရုရှား ထိပ်တိုက်တွေ့ကြပြီမို့ ကမ္ဘာစစ်ကြီးတစ်ခုအသွင်ကော ပြောင်းသွားနိုင်မလား စသည်ဖြင့် စိုးရိမ်ပူပန်မှုတွေ ရှိလာကြတယ်။

လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကမ္ဘာကြီးက ဒုတိယကမ္ဘာစစ်ကာလ ဝင်ရိုးတန်းနိုင်ငံတွေလို ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယားနဲ့ အာဏာရှင်နိုင်ငံများက တစ်ဖက်၊ ဒီမိုကရက်တစ်နိုင်ငံများက တစ်ဖက် အုပ်စုဖွဲ့အနေအထား ပြန်ဖြစ်လာတာမို့ စစ်ကြီးသာ တကယ်ဖြစ်လာရင် အရှေ့ရော အနောက်ရော တကမ္ဘာလုံးအတိုင်းအတာနဲ့ ပါဝင်ပတ်သက်လာနိုင်လို့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြတယ်။ 

တလောက တရုတ်မှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကြီး စတင်ကျင်းပတော့ ဖွင့်ပွဲအခမ်းအနားကို အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံခေါင်းဆောင်တချို့ သပိတ်မှောက်ပြီး မတက်ရောက်ဘဲ နေခဲ့ကြပေမဲ့ ရုရှားသမ္မတ ပူတင်ကတော့ အထူးဧည့်သည်တော်တစ်ဦးအနေနဲ့ ဘေဂျင်းကို ရောက်လို့လာခဲ့တယ်။ ပူတင်ရဲ့ ဒီခရီးစဉ်ဟာ ဘေဂျင်းဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားထက် ပိုပါတယ်။ ဒီခရီးစဉ်ကို အကြောင်းပြုလို့ ပူတင်နဲ့ ရှီကျင့်ပင်ဟာ ပိုပြီး လက်မောင်းချင်း ချိတ်ထားနိုင်ခဲ့တယ်။ သူတို့ချင်း နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးဟာ “အဆုံးအစမဲ့(Unlimited)”လို့ တရားဝင်ကြေညာပြီး စစ်ရေး၊ စီးပွားရေး ပူးပေါင်းမှုတွေ အကန့်အသတ်မဲ့ ဆက်လုပ်သွားကြမယ်လို့ဆိုတယ်။

ပူတင်-ရှီ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်များကစပြီး တောက်လျှောက်ကောင်းနေခဲ့ကြတယ်။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသလို ခုတစ်ခေါက်မှာလည်း နှစ်ယောက်အတူ မုန့်ဖုတ်ပြီး မြည်းစားခဲ့ကြတယ်။ အရင်တုန်းကလည်း ခေါင်းဆောင်နှစ်ယောက် သင်္ဘောအတူစီး၊ ရထားအတူစီးပြီး အပြန်အလှန် ရဲဘော်ရဲဘက်မိတ်ဆွေအဖြစ် တည်ဆောက်ခဲ့ကြတယ်။ 

ခု ယူကရိန်းမှာဖြစ်နေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး တရုတ်ကတော့ တစ်စုံတရာ ဘာမှ ဝင်ရောက်ပြောဆိုခြင်း မပြုပါဘူး။ အရေးရယ် အကြောင်းရယ်ဖြစ်လာပြီဆိုရင်တော့ ရုရှားဘက်က ရပ်ဖို့ အသင့်တော့ ရှိနေပုံရတယ်။

ခုချိန်မှာ ယူကရိန်းစစ်ပွဲက မနက်ဖြန်ပဲ ဖြစ်တော့မလို၊ ဒီနေ့ပဲ ဖြစ်တော့မလို ကမ္ဘာ့သတင်းစာမျက်နှာမှာ နေရာယူလာတယ်။ တကယ်ရော စစ်ပွဲကြီးတစ်ခု ဖြစ်လာတော့မှာလား။ အမေရိကန် အပါအဝင် နိုင်ငံ တစ်ဒါဇင်ကျော်ကတော့ သူတို့ နိုင်ငံသားတွေ ယူကရိန်းက အမြန်ဆုံး ထွက်ခွာကြဖို့ တိုက်တွန်းခဲ့သလို သံရုံးဝန်ထမ်းတွေကိုလည်း ကိဗ်မြို့က အမြန်ဆုံး ထွက်ခွာခိုင်းနေတယ်။ ဒါဟာ စစ်ပွဲတစ်ခု အစပြုတော့မယ့် လက္ခဏာလို့ ယူဆရတယ်။ ခုလို အခြေအနေမျမျိုးမှာ သံတမန်ရေးက အလွန်အရေးကြီးတော့ အမေရိကန်သမ္မတ ဘိုင်ဒင် အပါအဝင်၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမန်အဓိပတိသစ် အိုလက်ဖ်စခိုးလ် စတဲ့ ခေါင်းဆောင်တွေက တယ်လီဖုန်းနဲ့ တစ်မျိုး၊ လူချင်းတွေ့ပြီးတစ်ဖုံ သံတမန်နည်းနဲ့ အဖြေရှာဖို့ ကြိုးစားနေကြတာလည်း တွေ့ရတယ်။

ဘိုင်ဒင်-ပူတင် တယ်လီဖုန်းတွေ့ဆုံမှုမှာ အဖြေမထွက်သလို မက်ခရွန်-ပူတင် တွေ့ဆုံမှုမှာလည်း အဖြေမထွက်ပါဘူး။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ဖြေရှင်းချက်ပေးဖို့ တောင်းဆိုတာလည်း ရုရှားက မတုံ့ပြန်ပါဘူး။ ဂျာမန်အဓိပတိသစ် အိုလက်ဖ်ကတော့ ဒီရက်ထဲ ယူကရိန်း သွားမယ်။ ပြီးရင် ရုရှား သွားမယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လည်း လာမယ့်အပတ်အတွင်း ဥရောပကို သွားဖို့ ရှိနေတယ်။ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ ခုလို ဖြေရှင်းဖို့ ကြိုးစားနေတာနဲ့ တပြိုင်နက်တည်းမှာပဲ စစ်ရေးအရ ပြင်ဆင်မှုတွေ တိုးချဲ့နေတာလည်း ဒီစစ်ပွဲကြီး တကယ်ဖြစ်လာတော့မလား စိုးရိမ်စရာပါ။

အမေရိကန်ဟာ စစ်ဖြစ်ခဲ့ရင် ယူကရိန်းကို ကာကွယ်ဖို့ လက်နက်ခဲယမ်း တန် ၁၀၀၀ ကျော် ပို့ဆောင်ထားပြီးဖြစ်သလို ဥရောပရှေ့တန်းကို စစ်သည်တွေလည်း ပို့ထားပါပြီ။ 

မကြာခင် စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မှာမို့ ယူကရိန်းနိုင်ငံသားတွေကလည်း ရင်ဆိုင်ဖို့ အသင့်နေပုံတွေကို သတင်းတွေထဲ ဖတ်ရတယ်။ ဒီနေ့၊ နက်ဖြန် ယူကရိန်းမှာ စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မလိုလို အနေအထားမျိုးမှာ တကယ်ရော ဒီစစ်ပွဲကြီး ဖြစ်လာနိုင်သလား။ 

ယူကရိန်းအရေးမှာ အဓိကစေ့ဆော်မှုက ယူကရိန်းနယ်စပ်တလျှောက် ရုရှားက စစ်သည် အင်အား ၁၀၀,၀၀၀ ကျော် လာရောက်ချထားတဲ့ ကိစ္စပါ။ ဒါဟာ ရုရှားအနေနဲ့ ယူကရိန်းကို အချိန်မရွေး ကျူးကျော်သိမ်းပိုက်ဖို့ အသင့်ပြင်ထားတဲ့ အနေအထားလို့ ဆိုတယ်။ ရုရှားကတော့ သူ့နယ်မြေထဲမှာ သူ့ဘာသာ သူတပ်ချထားတာသာ ဖြစ်တယ်လို့ ဆိုတယ်။ နှစ်ဘက်အုပ်စု ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြရာမှာ အဖြေမထွက်ရတဲ့အကြောင်းကလည်း တစ်ဖက်နဲ့ တစ်ဖက် အလျှော့မပေးဘဲနေကြတဲ့ အချက်တွေကြောင့်ပါ။ 

ရုရှားအနေနဲ့ ယူကရိန်းကို နေတိုးစစ်အုပ်စုဝင် ဖြစ်လာမှာကို လက်မခံနိုင်ဘူး။ ယူကရိန်းကို နေတိုးအုပ်စုထဲ ဝင်သွားမှာကို သဘောမတူသလို နေတိုးအနေနဲ့ အရှေ့ဥရောပနယ်စပ်တလျှောက် တိုးချဲ့ချထားတဲ့ စစ်အင်အားတိုးချဲ့မှုတွေကို ၁၉၉၇ ခုနှစ်က အနေအထားအတိုင်း ပြန်လျှော့ပေးဖို့ လိုလားတယ်။ အမေရိကန်သမ္မတ ဘိုင်ဒင် ဦးဆောင်တဲ့ နေတိုးအုပ်စုရဲ့ သဘောထားကတော့ ယူကရိန်း နေတိုးထဲ ဝင်ခြင်း မဝင်ခြင်းသည် သူ့လွတ်လပ်ခွင့်သာဖြစ်လို့ ရုရှားအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးလို့ဆိုတယ်။ ရုရှားရဲ့ တောင်းဆိုချက်တွေကို အမေရိကန်နဲ့ နေတိုးအုပ်စုက လက်မခံတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်။ ဆွေးနွေးပွဲတွေမှာ အဖြေမထွက်ကြဘူး။ 

ဒီလို အခြေအနေမျိူးမှာ စစ်ကြီးဟာ အချိန်မရွေးဖြစ်လာနိုင်တယ်။ ရုရှားဟာ အကြောင်းတစ်ခုခုပြပြီး ယူကရိန်းကို ဝင်သိမ်းတော့မယ်လို့ ဘိုင်ဒင်က ပြောလာတယ်။ အမေရိကန်ထောက်လှမ်းရေးသတင်းတွေအရ လာမယ့် ရက်အတွင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်သိမ်းပိုက်တော့မယ်လို့ ဆိုနေတယ်။ ဒါတွေဟာ တကယ်ဖြစ်လာတော့မှာလား။ 

ခုလို အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေက ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြောဆိုရေးသားမှုတွေ လုပ်လာတာနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့ " ဒါဟာ အဆုံးစွန် ကယောင်ချောက်ချားဖြစ်မှု" တစ်ခုပဲလို့ ဆိုလိုက်တယ်။ ရုရှားဘက်ကတော့ ယူကရိန်းကို အကြောင်းမရှိဘဲ ဝင်တိုက်မှာမဟုတ်။ အမေရိကန်ဘက်က ခြေလှမ်းကျွံမလာ မချင်း စစ်ကို စမယ့် လက္ခဏာမရှိဘူးလို့ ယူဆရတယ်။ ရုရှားတွေရဲ့ လိုလားချက်ဖြစ်တဲ့ ယူကရိန်း နေတိုးအုပ်စုထဲ ဝင်မသွားရေးနဲ့ နေတိုးစစ်အင်အား ဆက်လက်မချဲ့ထွင်ရေးသာ သူတို့အတွက် အရေးကြီးဆုံးဖြစ်တယ်။ ယူကရိန်း သမ္မတကတော့ ဒီအခြေအနေကို ရှောင်လွှဲဖို့ ယူကရိန်းအနေနဲ့ နေတိုးစစ်အုပ်စုထဲဝင်မှာ မဟုတ်သေးဘူးလို့ ဆိုထားတာတွေ့ရတယ်။ 

အခြေအနေတွေကတော့ ဒီလောက်ပါပဲ။ အမေရိကန် အပါအဝင် ဥရောပနိုင်ငံတွေကတော့ ရုရှားတပ်တွေ ယူကရိန်းနယ်စပ်မှာ တိုးချထားတာဟာ အချိန်မရွေး ယူကရိန်းကို သိမ်းပိုက်ဖို့ပဲ ဖြစ်တယ်လို့ ဆိုတယ်။ ရုရှားကတော့ ဒါဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့" ကယောက်ချောက်ချား(hysteria )" ဖြစ်မှုတစ်ခုပဲလို့ ဆိုတယ်။ 

ယူကရိန်းမှာ စစ်ပွဲကြီးတစ်ခု ဖြစ်လာတော့မှာလားလို့ မေးရင် ဖြစ်လည်း ဖြစ်နိုင်တယ်။ ဖြစ်လည်း မဖြစ်နိုင်ဘူးလို့ပဲ ကောက်ချက်ချရမယ်ထင်တယ်။

ချစ်ဝင်းမောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024