ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ခဲ့တဲ့ ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ပြည်ထောင်စုနေ့ပွဲကျင်းပတဲ့ ကွင်းထဲ မူးလဲခဲ့တဲ့ ပညာရေးကောလိပ် ကျောင်းသူကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ သူတို့နဲ့အတူ ပွဲတက်ခဲ့တဲ့ ဒေသခံတယောက်က ပြောပါတယ်။
"ကွင်းထဲမှာ ဗြောက်အိုးဖောက်တော့ မူးလဲသွားတာ၊ ဆေးရုံကိုပို့တော့ ကိုဗစ်တွေ့တာ။ ပါမောက္ခဆရာနဲ့ လိုက်ပို့ပေးတဲ့ ကြက်ခြေနီ နှစ်ယောက်မှာပါတွေ့တာ။ ခုတော့အားလုံး ဆေးရုံမှာရှိသေးတယ်။”
ဘိုကလေးမြို့မှာ ပြည်ထောင်စုနေ့ပွဲကို လူအင်အား ၅၀၀ ကျော်တက်ရောက်ခဲ့တာကြောင့် ကိုဗစ် ရောဂါပိုမိုပျံ့နှံ့လာမှာကို မြို့ခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိုကလေးမြို့မှာ ပွဲလမ်းသဘင်တွေကို စစ်ကောင်စီအရာရှိနဲ့ အုပ်ချုပ်ရေးမှူးတွေက ခွင့်ပြုပေးနေတာကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းစတင်ကာ ကိုဗစ် အတည်ပြုလူနာ ၈၀ နီးပါးရှိလာသလို ၂ ယောက် သေဆုံးထားတယ်လို့ ဆေးရုံမှတ်တမ်းတွေအရ သိရပါတယ်။