Home
မြန်မာသတင်း
ရပ်စောက်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
DVB
·
February 11, 2022
516081-Kyauk-Gu-730x365

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ကြားတိုက်ပွဲဖြစ်ခဲ့လို့ အနီးနားက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာမှာ ဒီက နေ့မနက်ထိ ၆၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၉ ရက်နေ့မနက်ကစ TNLA တအာင်းတပ်ဖွဲ့၊  SSPP ရှမ်းတပ်ဖွဲ့တွေ ပါဝင်တဲ့ တပ်ပေါင်းစုက အင်အားရာနဲ့ချီ ဒေသထဲဝင်ရောက်လာပြီး ကျောက်ဂူ ကျေးရွာအုပ်စုထဲရှိ RCSS ရှမ်းတပ်တွေကို ဝင်တိုက်ရာမှာ နှစ်ဖက်ပစ်ခတ်မှုရှိသလို ညနေပိုင်းမှာ စစ်တပ်က လေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ လာပစ်သွားလို့ ကျောက်ဂူအုပ်စု လွိုင်ပါဝိုင်စေတီအောက်ပိုင်း နဲ့ ကျောက်ဂူဘုန်းကြီးကျောင်း ဓမ္မာရုံရော ဈေးဆိုင်အချို့ပါထိမှန်ခဲ့ကြောင်း၊ မနေ့ကလည်း သေနတ်သံတွေကြားရပြီး ဒီကနေ့ ငြိမ်နေပေမယ့် လက်နက်ကိုင်အဖွဲ့တွေ ရှိနေသေးတာကြောင့် ရွာထဲမနေရဲဘဲ ထွက်ပြေးနေကြတာလို့ ကျောက်ဂူဒေသခံက ဒီဗွီဘီကို ပြောပါတယ်။ 

“တိုက်ပွဲမဖြစ်ခင်ရှေ့ ၇ ရက် ၈ ရက်နေ့လောက်ကတည်းက အရပ်ဝတ်မျက်နှာ စိမ်းတွေရွာထဲဝင်လာတယ်၊ သူတို့ခေါက်ဆွဲလာဝယ်တာ ရှမ်းလိုလည်းမပြောတတ်၊ ဗမာစကားလည်းမတတ်၊ တရုတ်လိုလို ဝလိုလို။ ၉ ရက်နေ့မနက်ကျတော့ ယူနီဖောင်းဝတ်တွေ တန်းစီဝင်လာတော့တာပဲ။ ပြီးတော့ သူတို့ ရွာစေတီအနောက်ဘက်နဲ့ ဆေးရုံအရှေ့ဘက်မှာ တိုက်ပွဲဖြစ်ကြတယ်။ ညနေ ၃ နာရီကျော် လေယာဉ်ပျံ ၃ စီးလာတယ်၊ ၁ စီးကို ၁၅ ချက်လောက် ပစ်ချတယ်။ ကျနော်တို့သိရသလောက်တော့ လွိုင်ပါဝိုင် ဘုရားတောင်က စေတီအောက်ခြေအပိုင်း အုတ်ခုံတွေထိတယ်၊ ကျောက်ဂူဘုန်းကြီးကျောင်းဓမ္မာရုံနဲ့ ဈေးဆိုင်တွေထိတယ်၊ ရွာသားတွေထိခိုက်ဒဏ်ရာရတာမရှိဘူး။ ဒါပေမယ့် ရွာထဲမှာ လက်နက်ကိုင်အဖွဲ့တွေရှိနေတုန်းမို့ ထွက်ပြေးကြတယ်၊ တချို့ရွာကျတော့ လက်နက်ကိုင်အဖွဲ့က ဘယ်မှပေးမသွားလို့ ပိတ်မိနေတာလည်းရှိတယ်။”

ကျောက်ဂူကျေးရွာအုပ်စုထဲမှာ ဟိုဟန်း၊ မဆန်းဖော၊ နောင်ချို၊ နားမွန်၊ နားပွဲ၊ ကျောက်ဆုံ၊ ဆီဆုမ်၊ ဂနိုင်၊ တောင်သူကုန်း၊ သပြေကုန်းအစရှိတဲ့ ရွာပေါင်း ၁၈ ရွာရှိပြီး လူဦးရေ ၁၈၀၀၀ ကျော်ရှိကြောင်း၊ ကျောက်ဂူရွာကြီးတစ်ခုတည်းတင် အိမ်ခြေ ၈၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်ရှိကာ  ရှမ်း၊ ဓနု၊ အင်းသား၊ မြန်မာ၊ ပလောင် စတဲ့လူမျိုးတွေနေထိုင်ပြီး တိုက်ပွဲရှောင်ဦးရေ ခန့်မှန်းခြေ ၆၀၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲရှောင်တွေဟာ ကျောက်ဂူဘုန်းကြီးကျောင်းနဲ့တကွ အနီးနားရှိ ဘုန်း တော်ကြီးကျောင်းတွေမှာ၊ တိုက်ပွဲမဖြစ်တဲ့ ကျောက်ဂူအုပ်စုထဲကရွာအချို့၊ အင်တော၊  ကျိန်းခမ်း၊ နောင်လုံကျေးရွာတွေမှာရော ရပ်စောက်၊ ရွှေညောင်၊ ပင်းတယမြို့နယ်ရှိ ဆွေမျိုး နီးစပ်အိမ်တွေမှာပါ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ 

အဲဒီထဲမှာ မနှစ်က ကျောက်မဲဘက်မှာတိုက်ပွဲဖြစ်လို့ ရပ်စောက်မြို့နယ် နောင်ဝိုး ကျေးရွာဘက် ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင် ၅၀၀ လောက်ကတော့ ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာအုပ်စု ကျီတောကျောင်းတိုက်မှာ ခိုလှုံနေကြပါတယ်။ 

တိုက်ပွဲရှောင်တွေကို ကူညီထောက်ပံ့ဖို့အတွက် ကွန်ဟိန်ဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ဆေးဝါးတွေ စုဆောင်းနေပြီး  စေတနာရှင်တွေအနေနဲ့ ဖုန်းနံပါတ် ၀၉၄ ၂၄၃ ၄၈၈၃၄ ကို ဆက်သွယ်နိုင်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024