ဖေဖော်ဝါရီ၁၀ မနက် ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို PDF (Kalay) ၊ CDF (KKG)၊ CDF (Hakha)၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က CDF (Hakha) ရဲဘော် ၁ ဦး အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာ နဲ့ ဟံသာဝတီရွာဘက်မှ စစ်ကား ၃ စီး နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကူအင်အားဖြည့်ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အရှိန်အဟုန်ကောင်းစွာ အကောင်အထည်ဖော်နေတာကြောင့် ကလေးဒေသကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ နယ်မြေတလျှောက်မှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လုယူတာ စတာတွေကို စစ်ကောင်စီတပ်က ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။