ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကွင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းရဲ့ နေအိမ်မှာ ည ၉ နာရီကျော်လောက်က အမှုဖွင့်လာတိုင်ကြားရင်း ဒေသခံ အမျိုးသား နှစ်ယောက် စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ကိုပိုင်ကင်းဆိုသူက အမှုတခုနဲ့ပတ်သက်ပြီး သွားတိုင်ချိန်မှာ ကိုနိုင်လင်းဆိုသူက နေအိမ်ထဲဝင်လာပြီး တုတ်နဲ့ရိုက်တာကြောင့် လှံနဲ့အပြန်အလှန်ထိုးတဲ့ အထိဖြစ်သွားတာလို့ ဆိုပါတယ်။
“သူတို့နှစ်ယောက်က သမီးယောက်ဖ တော်တယ်။ အဲ့ညက လှံနဲ့ အပြန်အလှန်ထိုးရင်း တယောက်သေသွားတာ။ တယောက်ကတော့ ခုဆေးရုံမှာ”လို့ ဒေသခံတဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးနေအိမ်မှာ လှံနဲ့အထိုးခံရပြီး ပိုင်ကင်းသေဆုံးသွားတာကြောင့် နိုင်လင်းအား ကုန်းပြင်နယ်မြေ ရဲစခန်းမှာ အရေးယူပေးဖို့ အမှုဖွင့်တိုင်းကြားထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။