Memories မှာ မနှစ်က ဆန္ဒပြပွဲပုံတွေ ပြန်တက်လာသည်။ အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ် ရန်ကုန်လမ်းမများပေါ် လူအမြောက်အမြားထွက်လာသောနေ့ ဖြစ်သည်။ ဖေဖော်ဝါရီလ ၇ ရက်။ အနော်ရထာလမ်းပေါ် ဖြတ်လျှောက်သွားသည့် လူအုပ်ကြီးသည် ဆူလေမီးပွိုင့်မှာ စုဝေးမိသွားပြီး ခဏချင်း လူစုလူဝေးကြီးဖြစ်သွားသည်။ ကိုယ့်ရှေ့ဖြတ်သွားသည့် ဆန္ဒပြလူအုပ်ကြီးကို ဓာတ်ပုံရိုက် ဖဘပေါ် တင်ခဲ့ရာ ယခု တစ်နှစ်ပြည့်ခဲ့ပြီ။ ဟိုအချိန်တုန်းကတော့ ဒီဓာတ်ပုံတွေက ဘာမျှမဟုတ်သော်လည်း ခုချိန်မှာတော့ မလုံခြုံစရာတစ်ခုဖြစ်သွားပြီ။ တစ်နှစ်အတွင်း လွတ်လပ်ခွင့်တွေ ပါးလျားပျောက်ဆုံးသွားခဲ့သည်။
မနေ့ကတော့ မရောက်တာကြာပြီဖြစ်သော စမ်းချောင်း၊ မြေနီကုန်းဘက် ရောက်ဖြစ်သွားသည်။ မရောက်တာဆိုလို့ အနည်းဆုံး ခြောက်လကျော် ခုနစ်လလောက်တော့ ရှိမည်။ ပြီးခဲ့သည့်နှစ်အတွင်း ဆန္ဒပြပွဲများ မုန်တိုင်းထန်ခဲ့ရာ စမ်းချောင်း၊ မြေနီကုန်းက အဓိက ဗဟိုချက်လို ဖြစ်ခဲ့သည်။ အရင်တုန်းကတော့ ညနေဆိုလျှင် စမ်းချောင်းလမ်းပေါ်က ဘီယာဆိုင်မှာ မိတ်ဆွေတွေနှင့်ဆုံပြီး ထိုင်နေကျဖြစ်သည်။ တစ်ပတ် တစ်ရက်၊ နှစ်ပတ် တစ်ရက်လောက် စမ်းချောင်းဘက် ရောက်ဖြစ်နေရာက ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတော့ လုံးဝ မရောက်ဖြစ်တော့။ လူငယ် ဆန္ဒပြသမားတွေနှင့် လုံခြုံရေးရဲတွေ နေ့စဉ်ထိပ်တိုက်တွေ့ကျ။ မျက်ရည်ယိုဗုံးတွေ ပစ်ကြ။ မီးခိုးငွေ့တွေကြား ထွက်ပြေးကြ။ ပြန်စုဝေးကြ။ ပြန်အော်ဟစ် ဆန္ဒပြကြ။ နောက်ပိုင်းကျတော့ ပစ်ခတ်မှုတွေ၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ပိုကြမ်းလာသည်။ ပထမ သမားရိုးကျ စုဝေးဆန္ဒပြကြရာမှ နောက်တော့ ပုံစံတဖြည်းဖြည်း ပြောင်းလာသည်။ လူငယ်လေးတွေ မျက်နှာမှာ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ၊ လက်မှာ ဒိုင်းကာတွေ ဖြစ်လာသည်။ နောက်တော့ လုံခြုံရေးရဲတွေ ဝင်မလာနိုင်အောင် အကာအရံအတားအဆီးတွေ လုပ်ကြသည်။ ထိုနေရာတွင် ဆက်လက် ဆန္ဒပြကြ၊ ကြွေးကြော် အော်ဟစ်ကြသည်။ နောက်တော့ ထိုအကာအရံများကို ဖြတ်ကျော်ပြီး ဝင်ရောက်ဖြိုခွဲမှုတွေကတဆင့် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်လာသည်။ ထိုမြင်ကွင်းများကို အွန်လိုင်းပေါ်မှာ စက္ကန့်မလပ် မြင်နေရသည်။ စိတ်မချမ်းမြေ့ဖွယ်ရာ အနိဋ္ဌာရုံများပင်။ နောက်ပိုင်းမှာတော့ အခြေအနေက ပိုဆိုးလာသည်။ နောက်ပိုင်းမှာ မြေနီကုန်း၊ စမ်းချောင်းဘက် လုံးဝ မရောက်ဖြစ်တော့။ “ဟေ့လူ ဒီဘက်မှာ အခြေအနေမကောင်းဘူး။ မလာနဲ့” ဟု မိတ်ဆွေက သတိပေးထားတော့ လုံးဝခြေဦးမလှည့်ဖြစ်တော့။
မနေ့ကတော့ မရောက်တာကြာပြီဖြစ်သည့် စမ်းချောင်း၊ မြေနီကုန်းဘက် ပထမဦးဆုံး ပြန်သွားဖြစ်ခဲ့သည်။ စမ်းချောင်းလမ်းပေါ်မှာတော့ ဘီယာဆိုင်တချို့ ပြန်ဖွင့်နေသလို ဆိုင်တွေမှာလည်း လူတွေ ပြန်စည်ကားနေသည်။ ဟိုအရင်တုန်းကလိုတော့ မဟုတ်တော့။ စားသောက်ဆိုင်တချို့ ခုထိ ပိတ်ထားတုန်းဖြစ်သည်။ ဒုတိယ ဒေါင်းတောင်းဟု ခေါ်ဆိုသည့် မြေနီကုန်းတဝိုက်မှာ လူတွေ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်။ မရောက်တာကြာပြီ ဖြစ်သည့် ဒဂုံစင်တာထဲ ဝင်ကြည့်သည်။ ညနေခင်း ငါးနာရီကျော်ရုံသာ ရှိသေးသော်လည်း စင်တာမှာ လူမရှိတော့။ ဆိုင်တော်တော်များများ ဆွဲတံခါးတွေ ချပြီး ပိတ်ထားသည်။ အရင်ကဆိုလျှင် ဆိုင်တွေအစီအရီ မီးရောင်ထိန်ထိန်၊ ဒီဇိုင်းမျိုးစုံ လူငယ်တွေ ဥဒဟို စည်ကားနေတတ်သည့် ရှော့ပင်းစင်တာက တိတ်ဆိတ်သွေ့ခြောက်နေသည်။ စက်လှေကားက ရပ်နေသည်။ အပေါ်ထပ်မှာ ဖုန်းဆိုင်တစ်ဆိုင်၊ ဖက်ရှင်ဆိုင် နှစ်ဆိုင်ပဲ ခြောက်ခြောက်သွေ့သွေ့ ဖွင့်ထားသည်။ ၆ နာရီဆိုလျှင် စင်တာတစ်ခုလုံး ပိတ်ချိန်ရောက်ပြီ။ ပုံမှန်ပိတ်ချိန် ၆:၃၀ နာရီ ဖြစ်သော်လည်း အစောကြီးကတည်းက လူရှင်းသွားပြီ။ မဖွင့်ဖြစ်တော့သည့် ကော်ဖီဆိုင်၊ အမြဲတမ်း ပိတ်သွားသည့် စားသောက်ဆိုင်တွေ။ အရင်က ဒီနေရာကိုလာဖို့ ကားပါကင်ရဖို့ ခက်ခဲသည်။ ယခု ရှောရှောရှူရှူ။ လူတွေက မဖြစ်မနေ ဈေးဝယ် သွားလာနေကြသော်လည်း အချိန်ကို ငဲ့ရသည်။ ပတ်ဝန်းကျင်ကို ဂရုထားရသည်။ အချိန်မရွေး တစ်နေရာရာမှာ တစ်ခုခု ထပေါက်နိုင်သည်။ အန္တရာယ်က မမြင်ရသော အနီးအနားမှာ ရှိနေသလိုမျိုး။ ညနေ ခြောက်နာရီခွဲကျော်လျှင် ရန်ကုန်က တဖြည်းဖြည်း ခြောက်သွေ့သွားသည်။ လမ်းမပေါ်မှာ လူရှင်း၊ ကားရှင်းသွားသည်။ တစ်ဆင့်စကား တစ်ဆင့်နား၊ တယ်လီဖုန်းပေါ်က သတင်းတွေက ကူးစက်မြန်သည်။ ဟိုနေရာမှာ ပေါက်ကွဲပြန်ပြီ။ ဒီနေရာမှာ ပစ်သွားပြန်ပြီဆိုသည့် သတင်းစကားတွေ နေ့တိုင်း ကြားရသည်။ "ဟိုနားမှာ ကားတွေ စစ်နေတယ်။ ဖုန်းတွေ သိမ်းနေတယ်" ဆိုသည့်သတင်းတွေက တက်လာတတ်တော့ တော်ရုံအကြောင်းမရှိဘဲ အပြင်မထွက်ဝံ့တော့။
တစ်နှစ်အတွင်း ရန်ကုန်က လုံးဝ ချွတ်ခြုံကျသွားသည်။ ဆူးလေ ရှန်ဂရီလာကြီး ပိတ်ထားတာ ကြာပြီ။ ညဆို မှောင်လို့။ မျက်နှာချင်းဆိုင် ဆာကူရာတာဝါအထပ်တွေမှာ မီးရောင်မမြင်ရတာ ကြာပြီ။ ဗိုလ်ချုပ်လမ်းတဘက်ခြမ်း ဆာ့ဂျ်ပန်း၏ ဆောက်လက်စ ရိုးမအိမ်ရာထပ်မြင့်ပေါ်က ကရိန်းတွေ သေနေတာကြာပြီ။ လမ်းပေါ်မှာ ဝိုင်ဘီအက်စ်ကားတွေ ဟိုအရင်တုန်းကလို မှတ်တိုင် ခွပြီး လူခေါ်နေသည်။ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံခြားကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ လုပ်လက်စ အလုပ်တွေအားလုံး ထားပြီးပြန်သွားကြသည်။ စီမံကိန်းတွေ ရပ်ကုန်သည်။ ဆောက်လက်စ ဒုတိယသန်လျင်တံတားကြီး တန်းလန်းနှင့် ကျန်ခဲ့သည်။ မျှော်လင့်ခဲ့သော သီလဝါစက်မှုဇုန်လည်း ငြိမ်သက်သွားသည်။ တစ်နေ့က မြို့ပတ်ရထားလမ်း တစ်ခုအနီးက ဖြတ်သွားတော့ အသစ်ဖောက်ထားသည့် ရထားလမ်းက ချောမွေ့လှပနေသည်။ ဘူတာရုံတွေ အသစ်ပြန်ဆောက်ထားသည်။ သို့သော် ထိုအရာအားလုံး တန်းလန်း။
တရုတ်နှစ်သစ်ကူးရက်များက တရုတ်တန်း ၁၉ လမ်းဘက်မှာ ခါတိုင်းလိုပဲ စည်သည်။ တရုတ်တန်းက နှစ်သစ်ကူးမဟုတ်လည်း စည်ကားနေသော နေရာ။ ထိုနေရာမှာ ယခု အရင်လို အမြဲမစည်ကားတော့။ အရင်က ၁၉ လမ်းထဲ ဝင်သွားလျှင် အစိမ်းရောင် Myanmar Beer ဆိုင်းဘုတ်တွေက တစ်လမ်းလုံးပြည့်နေသည်။ တစ်လမ်းလုံး စားသောက်ဆိုင်တွေ၊ စားကြ သောက်ကြသူတွေ စည်ကားနေတတ်သော ၁၉ လမ်းတလျှောက်မှာ အစိမ်းရောင် Myanmar Beer ဆိုင်းဘုတ်တွေ တစ်ခုမှ မတွေ့ရတော့။ ထိုအစား အစိမ်းရောင် Chang နှင့် Tiger, Tuborg စတာတွေ နေရာယူလာသည်။ Myanmar beer က g&g တို့၊ city mart တို့ One stop mart တို့မှာလည်း လုံးဝ မတွေ့ရတော့။ ပြီးခဲ့သည့်နှစ်ကအထိ မြန်မာဘီယာဈေးကွက်ကို Myanmar beer က ဦးဆောင်နေခဲ့ရာက ချက်ချင်း ပျောက်သွားသည်။
ရန်ကုန်မှာ အချက်အချာကျပြီး အဆင့်မြင့်မြင့် ဈေးဝယ် နားနေ လည်ပတ်နိုင်သည့် မြန်မာပလာဇာဘက်မှာ ခုတော့ အရင်လို ကားတွေ ပိတ်မနေတော့ပါ။ အရင်က မကြာမကြာ ရောက်နေကျဖြစ်သော်လည်း စက်မှု (၁) လမ်းမကြီးကို ပိတ်ထားလိုက်သည့်နောက်ပိုင်း တကူးတက မသွားဖြစ်တော့ပါ။ မြန်မာပလာဇာဘက်မှာ ခြောက်သွေ့သွားတော့ မြို့လယ်က ဂျန်းရှင်းစီးတီးမှာ ပိုစည်ကားသွားသည်။ ဟိုတုန်းကတော့ ရှော့ပင်းစင်တာကြီးတွေမှာ စနေ၊ တနင်္ဂတွေ ပရိုမိုးရှင်းပွဲအမျိုးမျိုး၊ ဒီဇိုင်းမျိုးစုံလူငယ်တွေနဲ့ ဒီဂျေသံများနဲ့ လှုပ်ခတ်နေတတ်သည်။ ခုတော့ ငြိမ်ငြိမ်သက်သက်။ ညနေ ငါးနာရီခွဲလျှင် ဆိုင်တွေ ပိတ်ကြပြီ။
တစ်နှစ်အတွင်း ရန်ကုန်က ပြောင်းလဲသွားသည်။ မပျော်ရွှင်ခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း၊ မျှော်လင့်ခြင်းများနှင့် လူတွေ ရှင်သန်နေကြသည်။ မရေရာသော အနာဂတ်ကို စမ်းတဝါးဝါး လျှောက်နေကြရသည်။ မနက်ဖြန်မှာ ဘာဖြစ်မည် မသိ။ မိမိတို့ပိုင်ဆိုင်မှု၊ ဥစ္စာစီးပွားတွေ တစ်နှစ်အတွင်း ထက်ဝက်လျော့ကျသွားသည်။ လမ်းဘေးမှာ အေတီအမ်စက်တွေ ငြိမ်သက်နေသည်။ ပြီးခဲ့သည့် ခြောက်လကျော် ခုနစ်လထိ အေတီအမ်စက်တွေရှေ့မှာ လူတန်းရှည်ကြီးတွေ တွေ့နေရသေးသည်။ အခု မရှိတော့။ အဆင်ပြေသွားလို့တော့ ဟုတ်ဟန်မတူ။ မနှစ်တုန်းက လက်ဖက်ရည်တစ်ခွက် ငါးရာ။ ခု.. ခုနစ်ရာ၊ ရှစ်ရာ။ ငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၀။ ခု.. ၁၉၅၀။ လောင်စာဆီ အောက်တိန်း (၉၂).. ၇၀၀/ ။ ခု .. ၁၆၄၀/။ တစ်နှစ်အတွင်း အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။
ချစ်ဝင်းမောင်