ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၇ မှုအတွက် ဖေဖော်ဝါရီ ၄ ရက် ဒီနေ့ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်သုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။
အခုရုံးချိန်းမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၇ မှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တင်သွင်းလာတဲ့ တရားခံပြ သက်သေ တစ်ယောက်ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံဟာ ကျန်းမာရေး ကောင်းမွန်နေသလို မိသားစုနဲ့လည်း တွေ့ဆုံခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းမှာ ခုခံချေပထားတာပါ။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု၊ အဂတိမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်မှာ နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။