အမေရိကန်၊ ယူကေနဲ့ ကနေဒါ တို့က မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်တွေချမှတ်လိုက်တဲ့အပေါ် Justice for Myanmar က ကြိုဆိုလိုက်ပေမယ့် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့က လုံလောက်မှု မရှိသေးဘူးလို့ ထောက်ပြထားပါတယ်။
အမေရိကန်၊ ယူကေနဲ့ ကနေဒါတို့ဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို ဇန်နဝါရီ ၃၁ ရက်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ထပ်ထည့်ခံရသူ ၇ ယောက်ကတော့ စစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး၊ စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သားဖြစ်သူ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ ဖြစ်ကြပါတယ်။ ဒဏ်ခတ်အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်း ၂ ခုကတော့ စစ်လက်နက်ဝယ်ယူရေးဌာနဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ ဂျော်နသန်မျိုးကျော်သောင်းရဲ့ KT Services and Logistics (KTSL) ကုမ္ပဏီတို့ ဖြစ်ပါတယ်။
အဆိုပါပိတ်ဆို့အရေးယူမှုတွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို လုပ်ဆောင်နိုင်တဲ့ ရန်ပုံငွေနဲ့ လက်နက်တွေစီးဆင်းမှုကို ဟန့်တားဆို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်သာ ဖြစ်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို ရပ်တန့်ဖို့တော့ မလုံလောက်သေးဘူးလို့ Justice for Myanmar က ဆိုပါတယ်။
ဒါကြောင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ အပါအဝင် တခြားသော ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း အရေးတကြီး ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။
မြန်မာစီးပွားရေးသုတေသီတဦးက “ကျနော်တို့ကသာ စစ်တပ်ကို ပိတ်ဆို့ဖို့ ပြောနေပေမဲ့ တခြားနိုင်ငံတွေကသူတို့ အကျိုးစီးပွားရှိမယ်ဆိုရင်ပေါ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လူ့အခွင့်အရေးစံနှုန်း မရှိတဲ့ တိုင်းပြည်တွေက ရှိနေတာပဲလေ။ ဒါကြောင့် ဒီဘက်က ဘယ်လောက်ပဲ ပိတ်ပိတ် တဖက်ကလည်းပွင့်နေမှာပဲလို့ ကျနော်တော့ ထင်တယ်။ ဆိုတော့ ၁၀၀ ရာခိုင်နှုန်းတော့ မထိရောက်နိုင်ဘူး။ ဒါပေမဲ့ သုညလည်း မဟုတ်ဘူးနော်။ အဲ့တော့ လုံးဝ မထိရောက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတိုင်းအတာတခုအထိတော့ သူတို့ကို ပိတ်သွားစေနိုင်တယ်။ တနည်းအားဖြင့် စစ်ကောင်စီကို လူရာမဝင်အောင် လုပ်လိုက်တဲ့သဘောတော့ ဖြစ်စေပါတယ်။ အမေရိကား အပါအဝင် အနောက်နိုင်ငံကြီးတချို့က ပိတ်တယ်ဆိုတော့ စစ်ကောင်စီအဖို့ ဝင်ငွေရလမ်း ရပေါက်ကတော့ ကျဉ်းသွားစေပါတယ်။ ဘာလို့လဲဆို ဒီမိုကရေစီတိုင်းပြည်တွေဆီက ဝင်ငွေ မရနိုင်တော့လို့ တခြားလမ်းကပဲ သူရှာရတော့မှာပေါ့။ ဒီတော့ ထိရောက်မှု ရှိလား မရှိလားဆိုတာကို တိုင်းတာဖို့တော့ ခက်တယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူတဦးရဲ့အမြင်ကတော့ “အခုဆိုရင် တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်ကထုတ်တဲ့ ပစ္စည်းတွေကိုတွေ့တာ မြင်တာနဲ့ သိမ်းတယ် ၊ ဖျက်ဆီးပြစ်တယ်။ ဒါမျိုး လုပ်နေတာနော်။ အဲ့ဒါမျိုးကို တိုင်းရင်းသား နယ်မြေမှာတင်မဟုတ်ပဲ ပြည်မကြီးမှာလည်း စစ်တပ်နဲ့ဆက်နွှယ်တဲ့ ပစ္စည်းတွေကို သပိတ်မှောက်မယ်ဆိုရင်လည်း ဒါက ထိရောက်တာပဲနော်။ နောက်တချက်က ပြင်ပကနေ ဝင်နေတဲ့ဟာ ရေနံနဲ့ ကျောက်မျက်ပေါ့။ အဲ့ဒါတွေကိုလည်း ဘယ်ကနေ ဝင်နေလဲ၊ ဘယ်နိုင်ငံဆီ သွားနေလဲ ဆိုတာသေချာသိဖို့တော့ လိုတာပေါ့။ နောက်တချက်က သူတို့ကတော့ (ဗိုလ်ချုပ်ကြီးတွေက) သူတို့အမည်နဲ့လုပ်မှာမဟုတ်ဘူး။ သူ့သား အမည်၊ ဒါမှမဟုတ် သူတို့ အမျိုးအမည်တွေနဲ့ပဲ လုပ်ကြမှာ။ ဒါကလည်း အမည်တခုက ထင်ရှားသွားပြီးဆိုရင် တခြားအမည်နဲ့ သူတို့က ဆက်လုပ်မှာပဲနော်။ အဲ့တော့ ဒါတွေကို နောက်ကြောင်းခံ သေသေချာချာလိုက်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ တကယ်လို့လိုက်နိုင်ပြီဆိုရင် အဲ့ဒီ့ အချက်အလက်တွေကို အနောက်နိုင်ငံတွေဆီ ပို့လိုက်ပြီး ပိတ်ဆို့မယ်ဆိုရင် သူတို့ဝင်ငွေတွေက ပိတ်သွားလိမ့်မယ်။ အဲ့တော့ ကျနော်မြင်တာက နှစ်လမ်းပေါ့။ နိုင်ငံတကာနဲ့ဆက်ဆံတဲ့ လမ်းကြောင်းရယ်၊ ပြည်တွင်းမှ စားသုံးသူတွေက သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်တဲ့လမ်းကြောင်းရယ်။ အဲ့ဒီ့ ၂ခုစလုံးကို တပြိုင်နက်တည်း လုပ်နိုင်မယ်ဆိုရင် အတိုင်းအတာတခုအထိ ပိုပြီးထိရောက်မယ်” လို့ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့အရေးယူမှု တွေချမှတ်ဖို့ ကမ္ဘာတဝန်းမှာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ နယူးဇီလန် နိုင်ငံတို့မှ လွှဲပြီး သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်တို့က မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအပေါ် တစုံတရာ အရေးယူပိတ်ဆို့မှု မရှိသေးတဲ့အပေါ်မှာ Justice for Myanmar က မီးမောင်းထိုးထောက်ပြထားပါတယ်။
Photo Credit- Justice for Myanmar-