ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေ ဒူပလာခရိုင် ဝင်းရေးမြို့နယ်က CDM ဝန်ထမ်းတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သတ်မှတ်ထားတဲ့ CDM နောက်ဆုံးစာရင်း အတည်ပြုပေးနိုင်ဖို့နဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ မပတ်သက်ကြတော့ဖို့ ကျောင်းဆရာ ဆရာမတွေအနေနဲ့ ပညာရေးဌာနက ခေါ်တဲ့ အစည်းအဝေးတွေ သင်တန်းတွေ မသွားကြတော့ဖို့ သဘောတူညီခဲ့ကြတာပါ။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို CDM ဝန်ထမ်း ၂၇၉ ယောက် တက်ရောက်ခဲ့ပြီး CDM မှာ မပါသေးတဲ့သူတွေ ဆက်လက်ပါဝင်လာဖို့ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတာပါ။
CRPH က ခန့်အပ်ထားတဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း မတ်လ ၃၁ ရက် ည ၁၂ နာရီနောက်ဆုံးထားပြီး CDM မှာ ပါဝင််လာဖို့ပြောဆိုထားပြီး CDM မှာ မပါဝင်တဲ့ သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့အစိုးရက ပြင်းပြင်းထန်ထန်အရေးယူမှာ ဖြစ်သလို CDM မလုပ်တဲ့သူတွေက လူသတ်စစ်အုပ်စုနဲ့အတူတူပဲလို့ မတ်လ ၃၁ ရက်နေ့က ပြောဆိုထားပါတယ်။