မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ကားမောင်းတဲ့ ရဲဒုတပ်ကြပ် ဇင်ကိုဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဗိဿနိုး PDF က ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ကားကိုမောင်းတဲ့ ယာဥ်မောင်းရဲဒုတပ်ကြပ်တစ်ယောက် ဇန်နဝါရီ ၃၁ ရက်က ကားနဲ့ ပြန်လာစဥ် လမ်းခုလပ်တစ်နေရမှာ ဗိဿနိုးPDF က သေနတ်နဲ့ ပစ်ခတ်သုတ်သင်လိုက်တာလို့ ဗိဿနိုး PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။
“သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ၊ အချက်ရေများတယ်။ သူက စစ်ကောင်စီသတင်းပေးတွေနဲ့ ပေါင်းပြီးတော့ မြို့ပေါ်မှာ အကျင့်ပျက်ခြစား ပြည်သူတွေကို ဒုက္ခပေးနေလို့ သုတ်သင်လိုက်တာ။”
သေဆုံးသွားတဲ့ ရဲဒုတပ်ကြပ်ဇင်ကိုဦးရဲ့ အလောင်းကို မနေ့က ညနေ ၃ နာရီကျော်လောက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ တောင်တွင်းကြီး မြို့ခံတစ်ယောက်က ပြောပါတယ်။
“အဲဒီကောင်က အပြင်မှာတော့ နာမည်သိပ်မထွက်ဘူးဗျ။ စစ်ကြောရေးမှာတော့ နာမည်တော်တော်ကြီးတယ်”လို့ မြို့ခံက ပြောပါတယ်။
ဗိဿနိုး PDF အနေနဲ့ စစ်အုပ်စုရဲ့ဒေါက်တိုင်တွေကို ဖြိုဖျက်နေတာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ဝေးတဲ့နေရာတွေမှာ ရှောင်နေပြီး စစ်ယာဥ်တန်းနောက်တွေကို ကပ်မလိုက်ကြဖို့ သတိပေးထားပါတယ်။
ဗိဿနိုး PDF အနေနဲ့ ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီဖြစ်စဥ်ကို အတိအကျသိရှိနိုင်ဖို့ တောင်တွင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။