မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၂၇ ယောက် ထပ်မံစစ်ဆေးတွေ့ရှိရပြီး စုစုပေါင်းအယောက် ၃၁၀ ထိ ရှိလာပြီဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ဓာတ်ခွဲ နမူနာတွေထဲက မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှ ၂၇ ခုမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိခဲ့ရတာလို့ စစ်ကောင်စီကျန်းမာ ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ရောဂါပိုးတွေ့လူနာတွေထဲမှာ မြန်မာနိုင်ငံသား ၂၃ ယောက်နဲ့ နိုင်ငံခြားသား ၄ ယောက် ပါဝင်ပြီး Relief Flight တွေနဲ့ ဝင်ရောက်လာသူတွေဖြစ်ကာ စင်ကာပူနိုင်ငံက ၁၄ ယောက်၊ မလေးရှားနိုင်ငံက ၅ ယောက်၊ ထိုင်းနိုင်ငံက ၄ ယောက်၊ ကိုရီးယားနိုင်ငံက ၃ ယောက်နဲ့ အိန္ဒိယနိုင်ငံက ၁ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်၊ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်၊ ဇန်နဝါရီ ၁၂ ရက်မှာ အိန္ဒိယပြန်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်၊ ဇန်နဝါရီ ၁၃ ရက်မှာ မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၁၄ ရက်မှာ မြန်မာကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၃ ယောက်၊ ဇန်နဝါရီ ၁၅ ရက်မှာ နိုင်ငံခြားသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား ၇ ယောက် စုစုပေါင်း ၁၀ ယောက်၊ ဇန်နဝါရီ ၁၇ ရက်မှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၆ ယောက် စုစုပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၂၀ ရက်မှာ မြန်မာနိုင်ငံသား ၂၈ ယောက်၊ ဇန်နဝါရီ ၂၄ ရက်မှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၃၇ ယောက်၊ ဇန်နဝါရီ ၂၇ ရက်မှာလည်း မြန်မာနိုင်ငံသား ၂၈ ယောက်တို့မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိ ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၈ ရက်မှာလည်း မြန်မာနိုင်ငံသား ၇၂ ယောက်တို့မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက်ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူတွေမှာလည်း ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိနိုင်ငံ ၁၄၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူရာနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။