မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၀ မတိုင်ခင် ရရာနည်းလမ်းနဲ့ အပြီးတိုင်ထွက်သွားရမယ်လို့ မြိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတိပေးကြေညာလိုက်ပါတယ်။
ပြည်သူ့လစာကို စားသုံးပြီး ပြည်သူကို ကိုယ်စားမပြုဘဲ စစ်ကောင်စီယန္တရားလည်ပတ်စေဖို့ ပါဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ရုံးဌာနတွေနဲ့ နေအိမ်တွေက အပြီးတိုင် စွန့်လွှတ်ထွက်ခွာရမယ်လို့လည်း သတိပေးထားပါတယ်။
မြိုင်မြို့နယ်ဒေသခံ ဝန်ထမ်းတွေအနေနဲ့ကတော့ ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး CDM ဝင်ကြဖို့နဲ့ အလုပ်မှနုတ်ထွက်ဖို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
အခုလို ထုတ်ပြန်ကြေညာထားတဲ့ အချက်တွေကို လိုက်နာခြင်းမရှိတဲ့ ဝန်ထမ်းတွေကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကာယကံရှင်တွေကိုသာမက မိသားစုတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီက ကျွန်ပြုအုပ်ချုပ်ဖို့ ကြိုးစားနေတာကို မိမိတို့အနေနဲ့ လက်ခံမှာမဟုတ်ဘဲ ရရာနည်းလမ်းပေါင်းစုံနဲ့ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး ဆက်လက်ပြီး အရှိန်မြှင့်တိုက်ခိုက်မယ်လို့ ထပ်လောင်းအသိပေးထားပါသေးတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာ စိုးမိုးမှုမရှိတော့ဘဲ ပြည်သူ့အုပ်ချုပ်ရေးအာဏာစတင် အသက်ဝင်လာနေတာဖြစ်ပါတယ်။