စစ်ကိုင်းတိုင်း ရွှေဘိုတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။
စစ်ဆေးရေးဂိတ်ပေါ်တည့်တည့်ကို ဒရုန်းမှာချိတ်ဆွဲထားတဲ့ ဗုံးသီးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိခိုက်အကျဆုံးရှိနိုင်တယ်လို့ ဆိုပါတယ်။
“ကျောင်းကို စစ်ကောင်စီတပ်စွဲထားတာ ကြာပြီ။ ဂိတ်ကိုတော့ မနေ့က ကျနော်တို့ ထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်သား အထိခိုက်အကျဆုံးကတော့ ရှိနိုင်ပါတယ်။ အသေးစိတ်ကတော့ စုံစမ်းဆဲပါ။ အဲ့ဒီဂိတ်က ကျောင်းမြောင်းလမ်းမှာ လာသမျှကားတွေကို တောင်းရမ်းစားသောက်နေတဲ့ ကောင်တွေပါ” လို့ ဒေသခံမြို့ပြပြောက်ကြားအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်ဆေးရေးဂိတ်ကို ဒေသခံမြို့ပြပြောက်ကြားအဖွဲ့ Black Wolf -PDF အဖွဲ့က ဒရုန်းနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။