ဒီပဲယင်းမြို့နယ်အတွင်းက ဝပါကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၀ ရက် မွန်တည့် ၁၂ နာရီလောက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ ဝပါကျေးရွာဟာ ဒီပဲယင်းမြို့နဲ့ ၂ မိုင်သာဝေးကွာတဲ့ ကျေးရွာတစ်ရွာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
“ဒေသတွင်းအခေါ်ကတော့ ဝပါ ရွာနဲ့ သပြေသာရွာကို နှစ်ရွာပေါင်းပြီး ဝပါ/သပြေသာလို့တော့ တွဲခေါ်ကြတာပါ။ မီးရှို့ခံရတာက ဝပါကျေးရွာက ၂ လုံး၊ သပြေသာရွာက ၂ လုံး။ ဒါက လောလောဆယ်သိရတဲ့ အရေအတွက်ပါ။ ကျနော်တို့ ရွာနားမှာ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ စစ်ကောင်စီထောက်ခံတဲ့သူတွေက သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ မုန်းလို့ PDF ကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အခုလိုမီးရှိုတာဗျ” လို့ ဝပါကျေးရွာက ဒေသခံ တစ်ဦးက ပြောပါတယ်။
ဝပါကျေးရွာ နဲ့ သပြေသာကျေးရွာက နေအိမ်မီးရှို့ခံရတဲ့သူတွေဟာ NLD အမာခံ ထောက်ခံသူ တွေရဲ့ နေအိမ်တွေ ဖြစ်ပါတယ်။
အခုလို ကျေးရွာအတွင်း မီးလောင်နေပေမဲ့ နယ်မြေခံ ဒီပဲယင်းမြို့နယ်က မီးသတ်တပ်ဖွဲကလည်း လာရောက်ငြိမ်းသတ်တာလည်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိအချိန်မှာ ဝပါကျေးရွာနဲ့ သပြေသာကျေးရွာအတွင်း စစ်ကောင်စီတပ်တွေက ပြန်လည်ထွက်ခွာတာ မရှိသေးတာကြောင့် ဒေသခံရွာသားတွေ ကျေးရွာအတွင်း မဝင်ရဲသေးဘဲ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပါတယ်။