စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ ဇန်နဝါရီ ၂၈ ရက်ညပိုင်းက စစ်ကောင်စီ ဖွင့်လှစ်ပို့ချနေတဲ့ ပျူစောထီး စစ်သင်တန်းနေရာကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဇီးဖြူကုန်းရွာမှာ အခြေချနေတဲ့ ပျူစောထီးသင်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို ညပိုင်းမှာ ချဉ်းကပ်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့က မြေပြင်ကနေရာ ဒရုန်းတွေ အသုံးပြုကာ ဝေဟင်ကနေ ပါ မိုင်းနဲ့ချပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပုလဲပြောက်ကျားအဖွဲ့ခေါင်းဆောင်က “ကျနော်တို့ အဓိကအခုလိုတိုက်ခိုက်ရတာက ဒီကောင်တွေက ပျူစောထီးသင်တန်းပေးနေတာဗျ။ ပျူစောထီးသင်တန်းပေးနေတာ ကျနော်တို့ ပုလဲမြို့နယ်ထဲမှာ သုံးနေရာပေးနေတယ်။ နောက်ထက်နှစ်နေရာက ပုလဲမြို့ပေါ်ရယ်၊ ကမ်းဒေါင့်ရယ်မှာ သင်တန်းပေးနေတာ”လို့ ပြောပါတယ်။
ပုလဲပြောက်ကျားတပ်ဖွဲ့နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အောင်ဆန်းတပ်ဖွဲ့၊ သံမဏိ-MPDF၊ PRA နဲ့ Chindwin Attack Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
အခုတိုက်ပွဲဖြစ်တာက ညဘက်မှာဖြစ်ပွားခဲ့တာမို့ စစ်ကောင်စီတပ်တွေ အသေပျောက်ရှိမရှိ မသိရသေးပေမဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အကျဆုံးမရှိခဲ့ဘူးလို့ ပုလဲပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်၊
အဲဒီမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအယောက် ၅၀ ကျော်လောက်ရှိပြီး အများအပြားသေဆုံးနိုင်ပေမဲ့ ညဘက်မှာတိုက်ပွဲ ဖြစ်ပွားခဲ့တာမို့ အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။
နာရီဝက်ကြာလောက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မဟာမိတ်တပ်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ကြာ စစ်ရေးတင်းမာနေပြီး မနေ့က ပုလဲမြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းရော ကုန်းကြောင်းရော ရှာဖွေစစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။
ဒါကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်နေကြရပြီး တချို့ဒေသခံတွေဆို စစ်ဘေးရှောင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။