ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင်အပါအဝင် ၂ ယောက်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
အဆိုပါရပ်ကွက်မှာရှိတဲ့ အပေါင်ဆိုင်မှာ အမျိုးသားတစ်ယောက်က ရွှေလာပေါင်ရာမှာ ပေါင်တဲ့ရွှေက အတုဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်က ကေအိုင်အိုကို တိုင်ကြားခဲ့သလို လာရောက်ပေါင်နှံသူကလည်း ရဲကို တိုင်ကြားခဲ့ပြီးတဲ့နောက်မှာတော့ ဆိုင်ကယ် ၃ စီးနဲ့ လူငယ် ၆ ယောက်ရောက်လာပြီး ဆိုင်ရှေ့မှာရှိတဲ့ ရဲအစောင့်တွေကို လာရောက်ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ ဆိုင်ရှင်ကိုလည်း ကျည်ဆန်ထိမှန်ခဲ့သလို ရဲတယောက်ရဲ့ ဝမ်းဗိုက်မှာလည်း ကျည်ဆန်ထိမှန်သွားပြီး လာရောက်ပစ်ခတ်ခဲ့တဲ့ လူငယ် ၆ ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။
အဲဒီလိုပစ်ခတ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရောက်ရှိလာပြီး သေနတ်နဲ့ ရမ်းသန်းပစ်ဖောက်မှုတွေပြုလုပ်ခဲ့ကာ အဆိုပါလမ်းပေါ်မှာ ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ စစ်သား ၆၀ လောက်က အဆိုပါ အပေါင်ဆိုင်ထဲကို ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်ရှေ့တံခါးအနီးမှာ ပစ္စတိုသေနတ်တစ်လက်တွေ့ရှိခဲ့ပြီး ဆိုင်ရှင်ရဲ့သမီးဖြစ်သူကလည်း CDM ဝန်ထမ်းဖြစ်တဲ့အတွက် သမီးဖြစ်သူအပါအဝင်မိသားစုတွေကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှာ ဇန်နဝါရီ ၂၄ ရက်မှာပဲ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။