ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်းက စျေးဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာ ၂၀၀ ကျော်ကို ကေအိုင်အိုက ဇန်နဝါရီ ၂၄ရက်နေ့က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
ကေအိုင်အိုက စစ်ကောင်စီပိုင်ထုတ်ကုန်တွေဖြစ်တဲ့ ဘီယာတွေကို ရောင်းချ သယ်ဆောင်တာ မပြုလုပ်ဖို့ စာထုတ်ပြန်ပြီးနောက်မှာ ရောင်းချနေတဲ့ စျေးဆိုင်တွေက ဘီယာတွေကို အခုရက်ပိုင်း ဆက်တိုက် ဖျက်ဆီးအရေးယူနေတာ ဖြစ်ပါတယ်။
မြစ်ကြီးနားခရိုင်အတွင်း စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ အကျိုးတူလုပ်ငန်းဖြစ်တဲ့ ဘီယာတွေကို ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သယ်ယူပို့ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့ မြစ်ကြီးနားခရိုင် ကေအိုင်အိုက ဇန်နဝါရီ ၄ ရက်နေ့က စာထုတ်ပြန်ခဲ့တာပါ။
စစ်တပ်ထုတ်ကုန် ဘီယာတွေကို ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မရောင်းချဖို့ သတိပေးစာထုတ်ပြီးနောက် ဆက်လက်ရောင်းချနေတဲ့ ဆိုင်တွေကို လိုက်လံစစ်ဆေးပြီး ဘီယာတွေကို ဖျက်ဆီးလိုက်သလို ဒဏ်ငွေဆောင်ခိုင်းတာလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကေအိုင်အိုက ခုတလော ဆက်တိုက် စစ်တပ်ထုတ်ကုန်ဘီယာတွေကို ဆက်တိုက်ဆိုသလို ရောင်းနေတာရှိလား လိုက်စစ်ဆေးနေတာ။ မရောင်းနဲ့ ပြောလည်း တစ်ချို့ဆိုင်တွေ ခိုးရောင်းကြတယ်။ သတိပေးစာလည်း ထုတ်တယ်။ မိတော့ ဖျက်ဆီးတယ်၊ ဒဏ်ငွေဆောင်ခိုင်းတယ်။ ဒီစစ်တပ်ထုတ်ကုန်တွေကို သေချာ ဘွိုင်ကော့ လုပ်သင့်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနား - ပူတာအိုလမ်း၊ မြစ်ကြီးနား - တနိုင်းလမ်း၊ မြစ်ကြီးနား - မန္တလေးကားလမ်းတွေက စစ်ကောင်စီထုတ်ကုန် သယ်ဆောင်လာတာတွေကိုလည်း ကေအိုင်အိုနဲ့ PDF အဖွဲ့တွေက ပူးပေါင်းဖျက်ဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။