မြန်မာ့ငွေဈေးတွေတန်ဖိုးကျလာတာနဲ့အမျှ အိမ်ဆောက်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်သွားတာကြောင့် မွန်ပြည်နယ် ရေးမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အများစုရပ်ဆိုင်းထားလိုက်ရတယ်လို့ ဆောက်လုပ်ရေးသမားတွေက ပြောပါတယ်။
“အိမ်ဆောက်ပစ္စည်းတွေမှာ အဆမတန်မြင့်တက်သွားတယ်။ သံ၊ ဘိလပ်မြေ စတာတွေက ပုံမှန်ဈေးတွေထက် မြင့်တက်သွားတယ်။ အလုပ်ဆိုဒ်တွေမှာ ကန်ထရိုက်ယူတုန်းက ဈေးနဲ့ အခုလက်ရှိ ပစ္စည်းဈေးတွေနဲ့ဆို ဘယ်လိုမှ လုပ်လို့မရဘူး။ အရှုံးတွေပေါ်ပြီး အလုပ်သမား စရိတ်တောင် မနည်းပေးချေနေရတယ်” လို့ ဆောက်လုပ်ရေးသမားတဦးက ပြောပါတယ်။
လက်ရှိ သံ ၁ တန်မှာ ယခင်က ၇ သိန်းကျော်မှ အခု ၁၃ သိန်းကျော်ရှိပြီး ဘိလပ်မြေက ၁ အိတ် ၆၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျော်အထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးယူတဲ့နောက်မှာ အခုလို ဈေးတွေထက်ဝက်နီးပါးလောက် တက်သွားသလို ပစ္စည်းလည်း လိုသလောက် မှာယူလို့လည်း မရဘူးလို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ အိမ်ဆောက်ပစ္စည်းတွေ မြင့်တက်လာတာနဲ့အမျှ သယ်ယူစရိတ်တွေက အစ မြင့်တက်လာတာကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီမံကိန်းလုပ်ငန်းတွေအပါဝင် အဆောက်အအုံ၊ အဆောက်အအုံလုပ်ငန်းတွေမှာ ရာနှုန်းပြည့်နီးပါး အလုပ်တွေ ဆိုင်းငံ့ထားလိုက်ရတယ်လို့ ဆိုပါတယ်။
အခုလို ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်တာကြောင့် အလုပ်လက်မဲ့တွေ မြင့်တက်လာပြီး အဓိက ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုလုပ်ကိုင်နေတဲ့ မိသားစုတွေမှာ ပိုပြီး အခက်ခဲတွေ ဖြစ်စေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီးတဲ့ ၁၁ လကျော်ကာလအတွင်းမှာ အိမ်ဆောက်ပစ္စည်းဈေးတွေ အဆမတန်မြင့်တက်လာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။