မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ရှိ ပြန်လည်ဆောက်လုပ်နေစဲ အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဆောက်လုပ်နေစဲ သံလျှက်မှော်အနောက်ရပ်ကွက်ရုံးကို လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ခံရပြီး ခေါင်မိုးပေါ်ကျကာ ပေါက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။
ရပ်ကွက်နေပြည်သူတစ်ဦးက “သံအနောက်ရုံးက ဗုံးပေါက်တာ ဘယ်နှခါရှိပြီမှန်းကို မသိဘူး။ ရုံးက ရပ်ထားလိုက် ဆောက်လိုက်နဲ့။ အခုလည်း သံတိုင်တွေ အမိုးတွေမိုးထားပြီး ဘေးအကာတွေမရှိသေးဘူး” လို့ ပြောပါတယ်။
သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မေလ ၁ ရက်နေ့က မီးလောင်ပျက်စီးခဲ့တာကြောင့် အသစ်ပြန်လည်ဆောက်လုပ်နေတာဖြစ်ပါတယ်။
ဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသစ်ဆောက်တာနဲ့ ပတ်သက်ပြီး ရပ်တန့်ပေးဖို့ မြို့ပြပြောက်ကျားအဖွဲ့တွေက သတိပေးခဲ့ပေမယ့် ဆက်လက်ဆောက်လုပ်နေတာကြောင့် မကြာခဏ ဗုံးနဲ့ ပစ်ပေါက်ခံနေရတာလို့ သိရပါတယ်။