ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ မိခင်နှင့်ကလေးကျန်းမာရှေးဌာန ရုံးရှေ့မှာ ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှတ် ၅ ရပ်ကွက်၊ အောင်ဩဘာလမ်းမှာရှိတဲ့ အဆိုပါရုံးရှေ့မှာ ည ၉ နာရီ မိနစ် ၄၀ လောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဘိုကလေးမြို့ခံတဦးက “တော်တော်ကျယ်တယ်။ တမြို့လုံးလိုလိုကြားလိုက်ရတာ။ လူခြေတိတ်ချိန်ပေါက်တာလည်းပါမယ်။ ထိခိုက် ပျက်စီးတာမျိုးတော့ မရှိဘူး သတိပေးတဲ့အနေနဲ့ ခွဲတာဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ကြံခင်းမြို့နယ်ထဲမှာလည်း ဒီကနေ့ မနက်ပိုင်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ၂ တိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။