တစ်ကျော့ပြန် ပြန်လည်စည်ကားနေတဲ့ ထားဝယ်ခရိုင် ကံပေါက်ဒေသက လောင်းကစားဝိုင်းတခုအနီးမှာ မိုင်းခွဲ သတိပေးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ကံပေါက်ဒေသမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်ကျော့ပြန် ပြန်လည်စည်ကားလာတဲ့အတွက် အခုလို မိုင်းခွဲသတိပေးလိုက်တာလို့ ဆိုပါတယ်။
ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဘူးလို့လဲ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဆိုပါ လောင်းကစားဝိုင်းတွေဟာ ပွဲတော်လိုဖြစ်နေပြီး ရွာစဉ်လှည့်လည်ကာ အလှည့်နဲ့ လုပ်နေကြကာ အရင်က ဒီလိုမျိုး မလုပ်တာကြာပြီလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လောင်းကစားဝိုင်းတွေဟာ ပြည်သူတွေရဲ့ စာရိတ္တကိုပျက်ပြားစေတဲ့အပြင် စစ်ကောင်စီကို ဆက်ကြေးပေးနေရတာဖြစ်တဲ့အတွက် နမူနာအနေနဲ့ အခုလို သတိပေးရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီး တပတ်အကြာ ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာအုပ်စုက လောင်ကစားဝိုင်းတခုကို စစ်တပ်က ဖမ်းပြီး ရက်အနည်းငယ်အတွင်း ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ပေါက်ကွဲမှုဖြစ်ပေါ်နေတာဟာ အခုတကြိမ်အပါအဝင် ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။