ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ပါမောက္ခ ဒေါက်တာအာကာမိုးသူကို အာဏာသိမ်းစစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်တဲ့ တက္ကသိုလ်ဆရာသမဂ္ဂ အသိုင်းအဝိုင်းက သိရပါတယ်။
ဒေါက်တာအာကာမိုးသူကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မနက် ၈ နာရီလောက် လှိုင်မြို့နယ် ပါရမီလမ်း နဲ့ မင်းဓမ္ဓလမ်းထောင့်မှာရှိတဲ့ MICTဝင်းအပေါက်ဝမှာ တက္ကသိုလ်ဆရာဆရာမများ၊ ဝန်ထမ်းတွေရဲ့ CDM သပိတ်စစ်ကြောင်း ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ အရပ်ဝတ် စစ်ကောင်စီ တပ်သားတွေရောက်ရှိလာပြီး စစ်ကြောင်းဖြိုခွဲကာ ဒေါက်တာအာကာမိုးသူကို သေနတ်နဲ့ထောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဒီလို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဆယ်လကျော်ကြာမှသာ မြောက်ဒဂုံမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီေ ထုတ်နုတ်ခံစားခွင့်တွေနဲ့ တခြားအခြေအနေတွေကိုတော့ ဘာမှမသိရသေးဘူးလို့ ရန်ကုန်တက္ကသိုလ်က ကထိက တစ်ဦးက ပြောပါတယ်။
ဒေါက်တာ အာကာမိုးသူဟာ တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (RC of UTAs) အဖွဲ့ဝင်တဦးဖြစ်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ ပညာရေးဝန်ထမ်းတွေရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ဦးဆောင်သူတွေထဲက တဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။