ပဲခူးတိုင်း မင်းလှမြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီ တပ်သားတယောက် ကိုင်ဆောင်ထားတဲ့ သေနတ်ကျည် မတော်တဆထွက်ပြီး တပ်သားတစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းလှမြို့နယ် စိန်ကန့်လန့်ရွာမှာတပ်စွဲထားတဲ့ ခလရ (၁) က စစ်ကောင်စီတပ်သားတွေဟာ ရွှေကြီးမြင့် သစ်ထုတ်လုပ်ရေးဝန်းရှေ့က ဂိတ်မှာ လုံခြုံရေးယူနေတဲ့ အချိန် စစ်သားတစ်ယောက်ကိုင်ထားတဲ့ သေနတ်က မတော်တဆ ကျည်ထွက်ပြီး တခြားစစ်သည်တယောက်ကို ထိမှန်ပြီး ဗိုက်ကနေ တင်ပါးဆုံအထိ ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ မင်းလှမြို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
ရွှေကြီးမြင်ရပ်ကွက်ဂိတ်မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကိုင်ထားတဲ့ သေနတ်ကို တခြားတယောက်က ခလုပ်ကို လက်နဲ့တိုက်မိပြီးတော့ ကျည်ထွက်သွားလို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ ရဲကားနဲ့ ပရဟိတကားတွေလာရောက်ပြီး သယ်ဆောင်သွားကာ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရှေ့တန်းကသေနတ်မှန်ပြီးပြန်လာတာဆိုပြီး ဂိတ်တွေကို လိမ်လည်ခိုင်းထားတယ်လို့ ပြောပါတယ်။
မင်းလှအခြေစိုက် ခလရ (၁) တပ်က တပ်ရင်းမှူးအပါဝင် တပ်သား ၁၉ ယောက်ဟာလည်း ကယားပြည်နယ်လွိုင်ကော်တိုက်ပွဲမှာ သေဆုံးခဲ့သလို PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး သေးဆုံးသူ ၄၀ လောက်ရှိနေပြီလို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။