ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှာ လာရောက်လှူဒါန်းသူတွေ မရှိသလောက်ဖြစ်နေပြီး ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေကြောင့် စစ်ဘေးရှောင်တွေက ပြောပါတယ်။
''အစိုးရဆီက ဆန်တစ်ခုတည်းပဲထောက်ပံ့ပါတယ်။ အခုဘယ်ကမှလာလှူကြတာမရှိပါဘူး။ အဓိက မီးဖိုချောင်သုံး ပစ္စည်းတွေလိုအပ်နေပါတယ်။''လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
အဆိုပါစစ်ဘေးရှောင်စခန်းမှာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှ စစ်ဘေး တိမ်းရှောင်လာသူ လူဦးရေ ၁၃၅၁ ဦး၊ အိမ်ထောင်စု ၃၃၃ စု ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။
''ခုနောက်ပိုင်းစားဝတ်နေရေးက တအားခက်ခဲလာပါတယ်။ အရင်လိုလာလှူကြတာတွေ လည်းမရှိတော့ပါဘူး။ အစိုးရဘက်ကထောက်ပံ့တာက မလုံလောက်ပါဘူး။ အကူအညီတွေက အများကြီး လိုအပ်ပါတယ်။'' လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆိုပါစခန်းအပါအဝင် ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေကို ပြင်ပအလှူရှင်တွေ ၊INGOတွေနဲ့ သတင်း ထောက်တွေ လာရောက်ပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းဆက်အကြောင်းကြားဖို့ ရဲစခန်းတာဝန်ရှိသူတွေက ပြောထားတယ်လို့ သိရပါတယ်။
ဒီလို ညွှန်ကြားထားလို့ အလှူရှင်တွေ လုံးဝရောက်မလာတော့ဘဲ ဒုက္ခသည်တွေအတွက် အကူအညီတွေရဖို့ ပိုမိုခက်ခဲလာတယ်လို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။
By Kaung Mrat Naing / MPA