အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေရဲ့ ဓာတ်ခွဲ နမူနာတွေထဲက မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၄ ခုကို စစ်ဆေးခဲ့ရာမှ ၃ ခုမှာ အိုမီခရွန်ရောဂါပိုးတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်မှာ အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက် ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။
ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိ နိုင်ငံ ၁၄၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူ ၁၁၀ ကျော်နေပြီဖြစ်ပါတယ်။