မြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုးတွေ့လူနာသစ် ၃၂ ယောက်ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရပြီး အဲဒီထဲက ၂၅ ယောက်ကတော့ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ရောက်ရှိလာသူတွေဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ဓာတ်ခွဲနမူနာတွေအနက် မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာတွေကို စစ်ဆေးချိန်မှာ ခုလိုတွေ့ရှိရတာဖြစ်ပြီး BA.2.75 တွေ့ရှိရသူ ၂ ယောက်၊ BA.4 ၁ ယောက်နဲ့ BA.5 တွေ့ရှိရသူ ၂၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်ဟာ ပြည်ပမှပြန်လည် ရောက်ရှိလာသူတွေဖြစ်ပြီး ကျန် BA.2.76 တွေ့ရှိရသူ ၁ ယောက်၊ BA.5 တွေ့ရှိရသူ ၆ ယောက်၊ စုစုပေါင်း ၇ ယောက်ကတော့ ပြည်တွင်း ကူးစက်မှုလို့ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့ချိန်ကအတိုင်း သတ်မှတ်ရက်အတိုင်း သီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၄,၃၆၀ ယောက် ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူပေါင်း ၁၉,၄၃၅ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။