ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်စည်ပင်ရုံးရှေ့မှာ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီလောက်က ဗုံးပေါက်ကွဲလို့ လူတယောက် ထိမှန်သေဆုံးခဲ့သလို ဆိုင်ကယ် ၁ စီး၊ ကား ၁ စီးနဲ့ စည်ပင်ရုံး တံခါးမှန်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲမှုအနီး နေထိုင်သူတစ်ဦးက “ဗုံးပေါက်ကွဲတာ အသံတော်တော်ကျယ်တယ်။ ဗုံးထိ မှန်သေဆုံးတဲ့သူက ရုပ်တောင်မရှိတော့ဘူး။ ဗုံးက တော်တော်ပြင်းတော့ စည်ပင်ရုံးတံခါးမှန်တွေပါ ထိပြီး ကွဲကုန်တယ်။ မြို့ပေါ်မှာ တနေ့ရာမဟုတ် တနေရာကွဲနေတာ။ အစစ်အဆေးက နေရာတိုင်းရှိနေတော့ လမ်းသွားလာနေတဲ့ လူငယ်တွေကို စိတ်ပူတယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာကို စစ်တပ်နဲ့ရဲတွေရောက်ရှိလာပြီး စုံစမ်းစစ်ဆေးတာ အနီးပတ်ဝန်ကျင်းရပ်ကွက်တွေကို စောင့်ကြည့်တာ၊ လမ်းပေါ်သွားလာနေတဲ့ လူနဲ့ယာဉ်တွေကို မြို့ပေါ် နေရာတော်တော်များများမှာ ပိတ်ဆို့တားဆီးပြီး တင်းကျပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
အလားတူ မွန်းလွဲ ၁ နာရီခွဲလောက်က ဘားအံမြို့နယ်၊ ထီးဖိုးကလုံးကျေးရွာ( စက်မှုဇုန်အနီး) မြို့ဝင်ကြေး ကောက်ခံတဲ့ ဂိတ်မှာ လုံခြုံရေးရယူနေတဲ့ စစ်ကောင်စီရဲ့တပ်၊ BGF၊ ရဲ ပူးပေါင်းတပ်ဖွဲ့ရှိနေတဲ့ တဲထဲကို အမည်မသိယာဉ်ပေါ်ကနေ ဗုံးတစ်လုံးပစ်ချခဲ့တဲ့အတွက် BGF တပ်ဖွဲ့ဝင် ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ အနီးအနား နေထိုင်သူတွေဆီက သိရပါတယ်။
အဆိုပါ တပ်ဖွဲ့ဝင်တွေဟာ ယာဉ်မောင်းသူထံကနေ ငွေကြေးတောင်းခံခဲ့တဲ့အတွက် အခုလို ဗုံးပစ်ချခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးပြီး သိမ်းဆည်းတာ၊ ငွေကြေးတောင်းခံတွေ ပြုလုပ်နေသလို ဗုံးပေါက်ကွဲမှုတွေဟာ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။