မြန်မာနိုင်ငံကနေ သီရိလင်္ကာနိုင်ငံကို ဆန်ဖြူတန်ချိန် တစ်သိန်း၊ ပေါင်းဆန် တန်ချိန်ငါးသောင်း တို့ကို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမယ်လို့ သိရပါတယ်။
နှစ်ဘက်အစိုးရအစီအစဥ်နဲ့ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်ကို ဇန်န၀ါရီ ၇ ရက်က နှစ်ဘက်တာ၀န်ရှိသူတွေ အွန်လိုင်းကတဆင့် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အရောင်းအ၀ယ်ကိုတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နဲ့ သီရိလင်္ကာနိုင်ငံ Sri Lanka State Trading (General) Corporation တို့က ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဲဒီလက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့လည်း နှုတ်အားဖြင့် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။