မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖုန်းမော်ကို စစ်ကောင်စီက ဖမ်းမမိတဲ့အတွက် သူ့ရဲ့ ညီဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ကျောင်းသားခေါင်းဆောင် ပိုင်ဖုန်းမော်ကို စစ်ကောင်စီက PDF လို့ စွပ်စွဲပြီး ဇန်နဝါရီ ၆ ရက် ည ၁၀ နာရီလောက်က မြင်းခြံမြို့ရှိ သူ့ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ရာမှာ မတွေ့ရှိလို့ ညီဖြစ်သူ မြင်းခြံတက္ကသိုလ် အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသား မောင်အောင်မျိုးသန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
လတ်တလော မောင်အောင်မျိုးသန့်ကို ဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ စွပ်စွဲ အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဇန်နဝါရီ ၇ ရက်ကလည်း ကိုပိုင်ဖုန်းမော် နေထိုင်ခဲ့ဖူးတဲ့ ဝမ်းတွင်းမြို့နယ်က အင်းကုန်း-အလမ္ပာယ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေက လာရောက်ရှာဖွေသွားတယ်လို့ သိရပါတယ်။