မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၁၂ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
ခုတခါမှာတော့ ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေရဲ့ ဓာတ်ခွဲနမူနာတွေထဲက မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၂၂ ခုကို စစ်ဆေးခဲ့ရာမှ ၁၂ ခုမှာ အိုမီခရွန်ရောဂါပိုးတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
အဆိုပါအိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၂ ယောက်ထဲမှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်ဖြစ်ပြီး ကယ်ဆယ်ရေးလေယာဉ်နဲ့ ဝင်ရောက်လာသူ ယူအေအီးနိုင်ငံက ၈ ယောက်၊ မလေးရှားနိုင်ငံက ၃ ယောက်နဲ့ အိန္ဒိယနိုင်ငံက ၁ ယောက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက် ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။
ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိ နိုင်ငံ ၁၄၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူ ၁၁၀ ကျော်နေပြီဖြစ်ပါတယ်။