Home
မြန်မာသတင်း
၀က်လက်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ၊ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး
DVB
·
January 7, 2022
271072660_114650311079893_3110941792629677990_n

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် သမ္မာရိုးတံတားထိပ်မှာ မနေ့က စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ အရာရှိတစ်ဦးအပါအဝင် တပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းနဲ့ အရာတော်နယ်စပ် သမ္မာရိုးတံတား အနောက်ဘက်ထိပ်မှာ ခြေလျင်လာတဲ့ စစ်ကောင်စီ အင်အား ၄၀ လောက်ကို မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အရာရှိတစ်ဦး အပါအဝင် တပ်သား ၄ ဦးကျဆုံးပြီး မိနစ် ၃၀ လောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် ဝက်လက်မြို့နယ်ဘက်ကနေ စစ်ကူလာတဲ့ယာဉ်ကိုလည်း မနက် ၁၀ နာရီခွဲလောက်က ရွှေပန်းကုံးရွာနဲ့သမ္မာရိုးရွာကြား ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ညက ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ရဟတ်ယာဉ် ၂ စီးသုံးပြီး တိုက်ခိုက်တာကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

သမ္မာရိုးတံတားဟာ ရွှေဘို-အရာတော်- မုံရွာ လမ်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီတပ်နဲ့  ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024