လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလျော့နည်းကျဆင်းလာတဲ့အတွက် လျှပ်စစ်မီးသုံးစွဲတာများတဲ့ အချိန်တွေမှာ မီးပြတ်တောက်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လျှပ်စစ်ကို လျှော့သုံးဖို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။
ပုံမှန်အချိန်မှာ အမြင့်ဆုံး ၄၂၀၀ မဂ္ဂါဝပ်လောက် ဓာတ်အားထုတ်လုပ်နိုင်ပေမဲ့ လက်ရှိအချိန်မှာ ပြည်ပကနေ မှာယူတင်သွင်းရတဲ့ ဓာတ်ငွေ့ဈေးနှုန်း ၄ ဆလောက်မြင့်တက်လာလို့ LNG to Power ဓာတ်အားပေးစက်ရုံတွေကနေ ၇၅၀ မဂ္ဂါဝပ်လောက်ကို မထုတ်လုပ်ဘဲ ရပ်ထားတယ်လို့ ဆိုပါတယ်။
ပြီးတော့ ရတနာကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းမှာလည်း နှစ်စဉ် ပုံမှန်ထိန်းသိမ်းပြုပြင်တဲ့ လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကနေ အခု ဇန်နဝါရီ ၆ ရက်အထိ လုပ်ခဲ့လို့ သဘာဝ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံတွေကနေ ၅၄၀ မဂ္ဂါဝပ်လောက် မထုတ်နိုင်ဘဲ လျော့နည်းနေတယ်လို့ ဆိုပါတယ်။
သဘာဝဓာတ်ငွေ့သုံးနဲ့ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတချို့ကိုလည်း နှစ်စဉ် ထိန်းသိမ်း ပြုပြင်နေတာ၊ ပွင့်လင်းရာသီကာလ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံတွေအတွက် ရေဝင်တာနည်းလို့ ရေအားလျှပ်စစ် ထုတ်လုပ်တာကို ထိန်းသိမ်းလျှော့ချနေတာတွေကြောင့် စုစုပေါင်း ဓာတ်အား ထုတ်လုပ်နိုင်တာဟာ သုံးစွဲတာထက် ၁၄၇၀ မဂ္ဂါဝပ်လောက် လျော့နေတယ်လို့ ဆိုပါတယ်။
ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ ဓာတ်အားပို့လွှတ်ပေးနေတဲ့ ၂၃၀ ကေဗွီ တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးခံရတာကြောင့်လည်း ဓာတ်အား ၁၈၀ မဂ္ဂါဝပ်လောက် လျော့နည်းနေတယ်လို့ သူတို့က ဆိုပါတယ်။
ရတနာဓာတ်ငွေ့ စီမံကိန်းကို ထိန်းသိမ်းပြုပြင်တာတွေပြီးလို့ ဇန်နဝါရီ ၇ ရက်မှာ ပြန်ထုတ်လုပ်နိုင်ပြီး တာဝါတိုင်တွေ အမြန်ပြန်ပင်ဖို့ စီစဉ်နေပေမဲ့ ၉၃၀ မဂ္ဂါဝပ်လောက် ဆက်ပြီး လျော့နေဦးမယ်လို့ ထုတ်ပြန်ပါတယ်။
ဓာတ်အားစနစ် တည်ငြိမ်စေဖို့ မီးသုံးတာများတဲ့ မနက် ၇ နာရီကနေ ည ၁၁ နာရီအချိန်အတွင်း၊ ညနေ ၅ နာရီကနေ ၇ နာရီအချိန်အတွင်းတို့မှာ တချို့နေရာတွေ မီးပြတ်တောက်မယ်လို့ ဆိုပါတယ်။
ဝန်အားလျှော့မဲ့ စာရင်းကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ညွှန်ကြားထားခဲ့ဖူးပေမဲ့ မြို့တွေမှာ အချိန်မှန် မီးပြတ်တောက်တာမဟုတ်ဘဲ နေ့စဉ် တချို့အချိန်တွေ ပြတ်တောက်နေတာ ဖြစ်ပါတယ်။
မီးသုံးစွဲနေတဲ့ အိမ်ထောင်စုတွေအနေနဲ့ မီးလင်းအားတူပြီး ဓာတ်အားသုံးစွဲမှုနည်းတဲ့ LED မီးသီး/မီးချောင်းကို အစားထိုးသုံးစွဲဖို့၊ မီးသုံးစွဲတာများတဲ့ အိမ်ထောင်စုတွေအနေနဲ့ မလိုအပ်တဲ့ ခလုတ်တွေပိတ်ထားဖို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းပါတယ်။
ပြီးတော့ နေအား၊ ရေအားအပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံကနေ လျှပ်စစ်ဓာတ်အားပို ထုတ်လုပ်နိုင်ဖို့ စီမံကိန်းသစ်တွေကိုလည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
လတ်တလော ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ လျှပ်စစ်မီးတွေ ဆက်တိုက်ပျက်နေပေမဲ့ စစ်ကောင်စီကတော့ လျှပ်စစ်မီတာခတွေကို လက်နက်ကိုင်တပ်တွေအတူ အဓမ္မလိုက်ကောက်ခံ နေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။