စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့လယ်ပိုင်းအထိ မီးရှို့ခံလိုက်ရတဲ့ နေအိမ်ပေါင်း ၃ လုံးထက်မနည်းရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ လည်ငေါက်ကျေးရွာပဲ ရှိနေသေးတာကြောင့် နေအိမ်ဘယ်နှလုံး မီးရှို့ခံရတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့ညက လက်တောင်းငယ်ကျေးရွာမှာ တပ်စွဲညအိပ်ခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ ယင်းမာပင်မြို့ဘက်ကို လာစဥ် လမ်းခုလပ်တစ်နေရာမှာ PDF ပူးပေါင်း အဖွဲ့တွေက မိုင်းဆွဲတိုက်ခဲ့ပြီး ၆ လုံး ပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု များနိုင်တယ်လို့ PDF အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အဲဒီနောက် စစ်ကောင်စီရဟတ်ယာဥ် ၂ စီး အခင်းဖြစ်နေရာကို ရောက်ရှိလာခဲ့ပြီး မြေပြင်ကိုဆင်းသက်တာ တွေ့ရတယ်လို့ PDF အဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပြီး မုံရွာဘက်ကို ဆက်သွားနိုင်ကြောင်း သိရပါတယ်။